ဥရောပ သမဂ္ဂ

ဥရောပ သမဂ္ဂသည် အဖွဲ့ဝင် ၂၈ နိုင်ငံရှိသည့် နိုင်ငံရေး၊ စီးပွားရေးရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။[၁] အဖွဲ့ဝင်နိုင်ငံများမှာ အဓိကအားဖြင့် ဥရောပတွင် တည်ရှိသည်။ ဥရောပသမဂ္ဂအား မက်စ်ထရစ်စာချုပ်အရ ၁၉၉၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ဥရောပသမဂ္ဂဧရိယာအတွင်း နေထိုင်သူဦးရေမှာ ခန့်မှန်းခြေ သန်း ၅၁၀ ကျော်ခန့် ရှိသည်။ [၂]

labelled map of Europe showing progressive EU enlargements
The member states of the European Union (European Communities pre-1993), animated in order of accession. Only territories in and around Europe are shown.

ဥရောပသမဂ္ဂ(အီးယူ)

ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကြီးများကြောင့်အကွဲကွဲအပြားပြားဖြစ်သွားသော ဥရောပနိုင်ငံများအား လူမျိုးရေး၊ယဉ်ကျေးမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့အရ ဆက်နွယ်မှုရှိကြသော ဥရောပတိုက်သားများက စုစည်းညီညွတ်သော ဥရောပတစ်ခုဖြစ်ရေးတွက် ဦးတည်ရည်မှန်း လှုပ်ရှားမှုများသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက် စောစီးစွာကပင် စတင် ဖြစ်တည်လာခဲ့ပေသည်။ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့တွင် ပြင်သစ်နိုင်ငံပါရီမြို့၌ လက်မှတ်ရေးထိုးကြသော စာချုပ်ဖြင့်တည်ထောင်ခဲ့ကြသည့် ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (အီးစီအက်စ်စီ) ကို ညီညွတ်သော ဥရောပတစ်ခုဆီသို့ရည်ရွယ်သည့် ပထမဆုံးခြေလှမ်းအဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းအဖွဲ့၌ မူလပါဝင်သောနိုင်ငံ (၆) နိုင်ငံမှာ ဘယ်လဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ ဖြစ်ကြသည်။ ထိုနောက် ဒိန်းမတ်၊ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့သည် ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ ဂရိနိုင်ငံသည်၁၉၈၁ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့သည် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ၁၉၉ဝပြည့်နှစ်၊ အောက်တိုဘာလတွင်နှစ်ခြမ်းကွဲဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းမိသောအခါ ယခင်ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ချက်ချင်းပင် ထိုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ဤအတောအတွင်း ဒတ်ချ်တို့အုပ်စိုးစဉ်က ယင်းအဖွဲ့တွင် ပါဝင်ခဲ့သော ဂရင်းလင်းကျွန်းနိုင်ငံသည် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်ကိုရပ်စဲခဲ့သည်။

အီးစီအက်စ်စီ ဖြစ်ပေါ်ခဲ့ပြီးနောက် ခြောက်နှစ်အကြာ ၁၉၅၇ ခုနှစ်၊ မတ် ၂၅ ရက်နေ့တွင်အီတလီနိုင်ငံ၊ ရောမမြို့၌ သီးခြားစာချုပ်နှစ်ရပ် လက်မှတ်ရေးထိုးချုပ်ဆိုကာ ဥရောပစီးပွားရေးအဖွဲ့(အီးအီးစီ)နှင့် ဥရောပ အဏုမြူစွမ်းအင်အဖွဲ့(ယူရာတွမ်) တို့ကို ဆက်လက်ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ အီးအီးစီမှာဘုံဈေးအဖွဲ့တစ်ဖွဲ့ ဖန်တီးကာ စီးပွားရေးမူဝါဒများကို ညှိနှိုင်းရန်ဖြစ်သည်။ ယူရာတွမ်မှာ နျူကလီးယား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်သည်။

ရောမစာချုပ်
အီးအီးစီအဖွဲ့ ဖွားမြင်ပေါ်ပေါက်လာသည့် စာချုပ်သည်ရောမစာချုပ်ဟုနာမည်တွင်ခဲ့သည်။ ယင်းစာချုပ်သည် ၁၉၅၈ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍ တရားဝင် အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်အရ စာချုပ်ဝင်နိုင်ငံများက အီးအီးစီအဖွဲ့ဝင်၏ဦးစီးဦးဆောင်ရုံးဌာန အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းလုပ်ဆောင် ကြရန်နှင့် စာချုပ်၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန် လိုအပ်သည့် အတိုင်းအတာအထိ သူတို့၏စီးပွားရေး မူဝါဒအသီးသီးကို ညှိနှိုင်းကြရန် ကတိကဝတ်ပြုခဲ့ကြသည်။
ဘုံဈေး

အထက်ပါရောမစာချုပ်အရ စာချုပ်ဝင်ဥရောပနိုင်ငံများက ဘုံဈေး ကို ၁၂ နှစ်တာ အသွင်ကူး ပြောင်းရေးကာလအတွင်း တစ်စတစ်စ တိုးတက်တည်ဆောက်ဖော်ဆောင် သွားကြရန်ပြဋ္ဌာန်းခဲ့သည်။ အသွင်ကူးပြောင်းရေးကာလကို လေးနှစ်တစ်ဆင့် စီထား၍အဆင့်သုံးဆင့် ပိုင်းခြားလုပ်ဆောင်ရန် သတ်မှတ်ခဲ့ကြသည်။

ပင်လယ်ရပ်ခြားနိုင်ငံများနှင့် နယ်မြေများပါဝင်နိုင်ခွင့်ရောမ စာချုပ်၏အပိုင်း (၄)ပါ ပြဋ္ဌာန်းချက်များအရအဖွဲ့ဝင်နိုင်ငံများက ဥရောပတိုက်တွင် မပါဝင်သောနိုင်ငံများနှင့် ဘယ်လဂျီယံ၊ ပြင်သစ်၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့နှင့် အထူးဆက်ဆံရေးများ ရှိကြသည့် နယ်မြေများအား ဘုံဈေးအဖွဲ့(အီးအီးစီ)နှင့် ပေါင်းဖက်ပါဝင်လာစေရန် သဘောတူညီခဲ့ကြသည်။ ဤသည်မှာ ယင်းနိုင်ငံ နယ်မြေများ၏ စီးပွားရေးနှင့်လူမှုရေးများတိုးတက်ဖွံ့ဖြိုးပြီး ၎င်းတို့နှင့် အီးအီးစီအကြားတွင် စီးပွားရေးဆက်သွယ်မှုများကို နီးကပ်စွာ တည်ထားရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ဥရောပအဖွဲ့ဝင်နိုင်ငံများသည် ၎င်းနိုင်ငံနယ်မြေများနှင့် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကြရာ၌ ၎င်းတို့အဖွဲ့ဝင် နိုင်ငံအချင်းချင်းစပ်ကြား ရောမစာချုပ်၏ စည်းမျဉ်း၊ စည်းကမ်းများဖြင့် ဆက်ဆံကြသည့် နည်းတူပြုလုပ် ကြရမည်ဖြစ်စေကြောင်း ပြဋ္ဌာန်းထားရှိပေသည်။


ယာအုံဒီကွန်ဗင်းရှင်း
သဘောတူစာချုပ်ပင်လယ်ရပ်ခြားနယ်မြေများ အီးအီးစီအဖွဲ့တွင်ပေါင်းဖက်ပါဝင်ရေးနှင့် ပတ်သက်သည့် ပထမဆုံးသော ယာအုံးဒီကွန်ဗင်းရှင်း သဘောတူစာချုပ်သည် ၁၉၆၂ ခု၊ဒီဇင်ဘာလ ၃၁ရက်နေ့တွင်သက်တမ်း ကုန်ဆုံးသွားခဲ့ရာ၊ ယခင်က ပြင်သစ်၊ဘယ်လဂျီယံနှင့် အီတလီပိုင် ကိုလိုနီပိုင် နယ်မြေများဘဝမှလွတ်လပ်ရေးရလာကြသော အာဖရိကနိုင်ငံများက အီးအီးစီတွင် ပေါင်းဖက်ပါဝင်ခြင်းကို သဘောတူစာချုပ် အသစ်တစ်ရပ် ဖြင့်ဆက်လက်ပြုလုပ်လိုကြောင်း ဆန္ဒပြုလာကြသဖြင့် ကာလကြာမြင့်စွာစေ့စပ်ဆွေးနွေးကြပြီးနောက် အီးအီးစီနှင့် အာဖရိကနိုင်ငံများနှင့် မာဒါဂတ်စကာနိုင်ငံတို့စပ်ကြား ပေါင်းဖက်ရေး ကွန်ဗင်းရှင်းသဘောတူစာချုပ် ကို ၁၉၆၃ ခု၊ ဇူလိုင် ၂ဝ ရက် နေ့တွင် ကင်မရွန်းနိုင်ငံ၊ ယာအုံဒီမြို့၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ယာအုံဒီကွန်ဗင်းရှင်းဟု အမည်တွင်ခဲ့သော အဆိုပါသဘောတူစာချုပ်သည် ၁၉၆၄ ဇွန်လ၁ရက်နေ့တွင်တရားဝင်အတည်ဖြစ်လာခဲ့သည်။ အပေါင်းပါ အာဖရိကနိုင်ငံ များမှာ ထိုစဉ်က ဒါဟိုမီဟု ခေါ်တွင်သည့် ဘီနင်၊ ဘူရွန်ဒီ၊ ကင်မရွန်း၊ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချက်(ဒ်)၊ ကွန်ဂို၊ ဂါဗုန်၊ အိုင်ဗော်ရီကို့(စ်)၊ မာဒါဂတ်စကာ၊ မာလိ၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ရဝမ်ဒါ၊ ဆီနိဂေါ၊ ဆိုမားလီးယား၊ တိုဂို၊ အထက်ဗော်လတာနိုင်ငံနှင့် ဇိုင်ယာစသည့် ၁၈ နိုင်ငံတို့ ဖြစ်ကြသည်။

၁၉၆၃ ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ပြင်ဆင်ချက်များဖြင့် အသစ်ပြုပြင်ရေးဆွဲကာ ဒုတိယ ယာအုံဒီကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ကာလရှည်ကြာစွာ စေ့စပ်ညှိနှိုင်းကြပြီးနောက် ၁၉၆၉ခု၊ ဇူလိုင် ၂၉ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ မော်ရိသျှနိုင်ငံသည် ၁၉၇၃ ခု၊ ဇွန်လ ၁ရက်နေ့တွင် စာချုပ်၌ လက်မှတ်ရေးထိုးပါဝင်လာခဲ့သည်။အထက်ပါ ဒုတိယ ယာအုံဒီကွန်ဗင်းရှင်း သဘောတူစာချုပ်သည် ၁၉၇၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်သက်တမ်းစေ့မြောက်ခဲ့ရာ၊ ၎င်းကိုထိုနှစ်(၁၉၇၅)မှာပင် ချုပ်ဆိုသည့် လုမ်းကွန်ဗင်းရှင်းသဘောတူစာချုပ်ဖြင့် အစားထိုးခဲ့ကြသည်။

လုမ်းစာချုပ်ကို လက်မှတ် မရေးထိုးမီ ၁၉၇၃ခု၊ နိုဝင်ဘာ ၂၁ရက်နေ့တွင် အီးအီးစီနှင့် အခြားတစ်ဖက်တွင် အာဖရိကတိုက်၊ ကာရီဘီယန်ပင်လယ်ဒေသနှင့် ပစိဖိတ်သမုဒ္ဒရာဒေသတို့၌ နိုင်ငံပေါင်း ၄၃နိုင်ငံ တို့စပ်ကြား၌ စေ့စပ်ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ ထိုနောက် လွတ်လပ်ရေးရရှိလာကြသည့် အီကွေးတိုးရီရယ် ဂီနီ၊ ဂီနီ-ဘီဆောနှင့် ဂရီနားဒါး နိုင်ငံတို့ကရှေ့တွင်ဖော်ပြပါနိုင်ငံများနှင့် ပေါင်းဖက်လာကြသောအခါ နိုင်ငံပေါင်း ၄၆ နိုင်ငံဖြစ်လာခဲ့သည်။ ထိုနောက်တစ်ဖန် ကိပ်ဗာဒီကျွန်းစုနိုင်ငံ၊ ဆောတိုမေနှင့်ပရင်စီ ပေနိုင်ငံ၊ ပါပူဝါနယူးဂီနိုင်ငံ၊ကိုမိုရိုကျွန်းစုနိုင်ငံ၊ ဆူရီနမ်နိုင်ငံနှင့် ဆေးရှဲလ်နိုင်ငံတို့အားလုံးကွန်းဗင်းရှင်း တွင်ထည့်သွင်း ပါဝင်စေရန် ၁၉၇၇ ခုနှစ်တွင်သဘောတူညီမှု ရရှိခဲ့ကြသည်။ ဤသို့ဖြင့်အဖွဲ့ဝင်နိုင်ငံများဦးရေမှာ ၅၂ နိုင်ငံအထိ တိုးပွားလာခဲ့သည်။ (ဤနိုင်ငံများသည်အာဖရိက၊ ကာရီဘီယန် နှင့်ပစိဖိတ်ဒေသဝင်နိုင်ငံများဖြစ်ကြ၍ ၎င်းတို့အား အေစီပီနိုင်ငံများဟု ခေါ်စမှတ်ပြုခဲ့ကြသည်။)

အခြားစာချုပ်များအီးအီးစီဟူသော အမည်သညာသည် ဘုံဈေး(Economic Community) ကိုခေါ်ဆိုခြင်း ဖြစ်သော်လည်း၊ ဤစာတမ်း၏ ရှေးဦးပိုင်းတွင် ဖော်ပြပါရှိသော အဖွဲ့ကြီး သုံးဖွဲ့(အီးစီအက်စ်စီ၊ အီးအီးစီနှင့် ယူရာတွမ်) ကိုတစ်ပေါင်းတစ်စည်းတည်းအဖြစ် အီးစီ (European Community) ဟု ရည်ညွန်းခေါ်ဝေါ်ခြင်းပြုခဲ့ကြသည်။

အီးအီးစီမှ အောက်ပါစာချုပ်ကိုလည်း ချုပ်ဆိုခဲ့သည်။ (က) ဥရောပအဖွဲ့များအတွက် တစ်ခုတည်းသောကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကိုဖွဲ့စည်းတည်ထောင်သည့် စာချုပ် (၁၉၆၅ ခု၊ ဧပြီ၈ရက်နေ့တွင် မူလအဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။)

(ခ) ဥရောပအဖွဲ့များ၏ အချို့သော ဘဏ္ဍာရေးဆိုင်ရာအစီအစဉ်နှင့် ဥရောပအဖွဲ့များအတွက်တစ်ခုတည်းသောကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်ပါအချို့သော ဘဏ္ဍာရေးအစီအစဉ်များကို ပြင်ဆင်သည့် သဘောတူစာချုပ်(၁၉၇ဝပြည့်၊ ဧပြီ ၂၂ရက်နေ့တွင် မူလအဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။)

တစ်ခုတည်းသော ဥရောပအက်ဥပဒေ ၁၉၅၈ ခုနှစ်၊ ရောမစာချုပ်အား ပြင်ဆင်မှုများပြုလုပ်ခဲ့ကြရာ ၎င်းပြင်ဆင်ချက်များကိုတစ်ခုတည်း သောဥရောပအက်ဥပဒေ ဟူသော ပုံစံဖြင့် ပြုလုပ်ခဲ့ကြသည်။ ယင်းအက်ဥပဒေကို အဖွဲ့ဝင်နိုင်ငံများအားလုံး က အတည်ပြုခဲ့ကြပြီးနောက် ထိုအက်ဥပဒေသည် ၁၉၈၇ခု၊ ဇူလိုင် ၁ ရက်နေ့တွင် တရားဝင်အတည်ဖြစ်လာ ခဲ့သည်။

အထက်ပါ အက်ဥပဒေ၌လည်း တစ်ခုတည်းသော(ဥရောပ) အဖွဲ့ဆိုင်ရာ ဈေးကွက်တစ်ခုဖန်တီးပြု လုပ်ခြင်းကို၁၉၉၂ ခုနှစ်တွင် အလုံးစုံ ပြီးမြောက်စေရန် ရည်ရွယ်သောပြဋ္ဌာန်းချက်များပါရှိသည်။ ယင်းဈေးကွက်မှာ အတွင်းနယ်နမိတ်များမရှိဘဲ ကုန်စည်များ၊လူများ၊ ဝန်ဆောင်မှုများနှင့် အရင်းအနှီးငွေများတကယ်တမ်း လွတ်လပ်စွာ လှုပ်ရှားသွားလာ နိုင်သောနယ်မြေဒေသတစ်ခု ဖြစ်ရပေမည်။ အခြားပြဋ္ဌာန်းချက်များအရ ဥရောပအဖွဲ့အတွင်း သုတေသနနှင့် နည်းပညာ၊ လူမှုရေးမူဝါဒ၊စီးပွားရေးနှင့် လူမှုရေးပေါင်းစည်းမှု၊ ပတ်ဝန်းကျင်ကာကွယ်ရေး၊စီးပွားရေး နှင့် ငွေရေးကြေးရေး သမဂ္ဂတည်ထောင်ဖန်တီးမှုနှင့် နိုင်ငံခြားရေးဝါဒတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ကြရပေမည်။ ထို့အပြင် ၎င်းအက်ဥပဒေက ဥရောပပါလီမန်အား ဥပဒေများကို ဆိုင်းငံ့ထားနိုင်၍ ပြင်ဆင်နိုင်သော အာဏာများကို တိုးမြှင့်ပေးခဲ့သည်။ သို့သော် ဥရောပကောင်စီသည်သာလျှင် နောက်ဆုံးဆုံးဖြတ်ချက်ပြုနိုင်သော အခွင့်အာဏာကို ရရှိမြဲရရှိထားသည်။

ဥရောပပါလီမန်
ဥရောပအဖွဲ့အတွင်း ဥပဒေများပြုလုပ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းကိစ္စများကို ဆောင်ရွက်သည့် ဥရောပပါလီမန် လွှတ်တော်သည် လူဇင်ဘတ်နိုင်ငံရှိ လူဇင်ဘတ်မြို့တော်၌တည်ရှိ၍ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပါလီမန်ဥက္ကဋ္ဌမှာဂျာမနီနိုင်ငံမှ မစ္စတာ အီဂွန်ကလယ်ပေ့ရှ်ဖြစ်သည်။ ယင်းပါလီမန်လွှတ်တော်တွင် အဖွဲ့ဝင် ကိုယ်စားလှယ်၅၆၇ ဦးပါဝင်ရာ ဂျာမနီနိုင်ငံမှ ၉၉ ဦး၊ ပြင်သစ်၊ အီတလီနှင့်ဗြိတိန်နိုင်ငံတို့မှ ၈၇ ဦးစီ၊ စပိန်နိုင်ငံမှ ၆၄ ဦး၊ နယ်သာလန်နိုင်ငံမှ ၃၁ ဦး၊ ဗဲလဂျီယံ၊ ဂရိ နှင့်ပေါ်တူဂီနိုင်ငံတို့မှ ၂၅ ဦးစီ၊ ဒိန်းမတ်နိုင်ငံမှ ၁၆ ဦး၊ အိုင်ယာလန်နိုင်ငံမှ ၁၅ ဦးနှင့်လူဇင်ဘတ်နိုင်ငံမှ ၆ ဦးတို့ဖြစ်သည်။ လွှတ်တော်အဖွဲ့ဝင်ကိုယ်စားလှယ် များကို အဖွဲ့ဝင် နိုင်ငံများ၏ ပြည်သူများကလူတိုင်းဆန္ဒမဲ ပေးနိုင်သည့်စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ပါလီမန် အတွင်း၌အဖွဲ့ဝင်ကိုယ်စားလှယ်များသည် နိုင်ငံအလိုက်အဖွဲ့စုများအဖြစ် မထိုင်ကြဘဲ နိုင်ငံရေးအဖွဲ့စုများအဖြစ်သာ ထိုင်ကြသည်။

ဥရောပအဖွဲ့၏ ဆောင်ရွက်မှုများ

စိုက်ပျိုးရေးကဏ္ဍ

ဥရောပ အဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်မှုသည် စိုက်ပျိုးရေးဘက်တွင် စနစ်အကျဆုံး အနေအထား ရှိသည်။ ဥရောပအဖွဲ့သည် ရောမစာချုပ်တွင် ဖော်ပြပါရှိသည့် ဘုံစိုက်ပျိုးရေးပေါ်လစီ (စီအေပီ)ကို လိုက်နာ ဆောင်ရွက်သည်။ အဖွဲ့သည် အခြေခံမူဝါဒသုံးရပ်ကို လိုက်နာကျင့်သုံး၍ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ကို တစ်စတစ်စ တိုးတက်ဖွဲ့စည်းခဲ့သည်။ ယင်းမူဝါဒများမှာ (က) ဈေးကွက်အနေဖြင့် ညီညွတ်မှုမရှိခြင်း၊ (ခ) အဖွဲ့၏ စိတ်ကြိုက်ရွေးချယ်မှု (ကုန်ပစ္စည်းများကို တန်ဖိုးနည်းထည့်သွင်းကုန်များနှင့် ကမ္ဘာ့ဈေးကွက်တွင် ဈေးမတည်ငြိမ်မှုများမှ ကာကွယ်ပေးရမည်)၊ (ဂ) ဘဏ္ဍာရေးနှင့်ပတ်သက်၍ အားလုံးစုပေါင်းတာဝန်ယူခြင်း (ဥရောပတိုက်ဆိုင်ရာ စိုက်ပျိုးရေး လမ်းညွှန်မှုနှင့် အာမခံရေးရန်ပုံငွေတစ်ရပ် ဖွဲ့စည်းထားရှိဆောင်ရွက်သည်။ ကုန်စည်သိုလှောင်မှု ဆိုင်ရာ ကုန်ကျစရိတ်များ၊ ဈေးကွက်တင်သွင်းမှု ထောက်ပံကြေးများနှင့် ပို့ကုန်များအတွက် ပြန်အမ်းငွေများ စသည်တို့အတွက် ငွေကြေးထောက်ပံ့မှုများ ပြုသည်။)

အထက်ဖော်ပြပါ ဘုံစိုက်ပျိုးရေး ပေါ်လစီ (စီအေပီ) အရ လုပ်ငန်းဆောင်ရွက်မှုများမှာ ၁၉၆၉ ခုနှစ်တွင် ငွေကြေးမတည်ငြိမ်မှုအခြေအနေကြောင့် အနှောက်အယှက်အခက်အခဲများနှင့်ကြုံတွေ့လာသည်။ထိုကြောင့် အမ်စီအေခေါ် ငွေကြေးဖြည့်တင်းပေးမှု ပမာဏများ ကို စီမံဖန်တီးလုပ်ဆောင်ခဲ့ကြသည်။ ဤစနစ်ဖြင့် လုပ်ဆောင်ရာ၌လည်း ဥရောပအဖွဲ့အတွင်း ဈေးနှုန်းကွာခြားမှုများ အကြီးအကျယ် ဖြစ်ပွားပေါ်ပေါက်ကာ အချို့နိုင်ငံများအတွက် အကျိုးထိခိုက်နစ်နာမှုများ ရှိလာသဖြင့် ၁၉၈၄ခုနှစ် တွင် အမ်စီအေစနစ်ကို တဖြည်းဖြည်းဖျက် သိမ်းပြီးတစ်ခုတည်းသောဈေးကွက် စနစ်ကို ပြန်လည်ဖော်ထုတ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် ငွေကြေးများ ပိုမိုတည်ငြိမ်လာသည့် အလျောက် ဥရောပငွေကြေးစနစ်၏ တင်းပြည့်အဖွဲ့ဝင် နိုင်ငံများအတွက် အမ်စီအေ စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။

စိုက်ပျိုးရေး ထွက်ကုန်တန်ဖိုးများကို သဘောအားဖြင့်အဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အားလုံးနှင့် ဆိုင်သောအဆင့်တစ်ခုတွင် နှစ်စဉ်သတ်မှတ်ကြသည်။ ဤသို့သတ်မှတ်ရာ၌ ငွေကြေးဖောင်းပွမှုနှုန်းနှင့်အချို့ သောကုန်ပစ္စည်းများအား လိုသည်ထက်ပို၍ ထုတ်ယူခြင်းကို အားမပေးရန် လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ကြသည်။ လယ်သမားများအား ကုန်စည်တင်ပို့ရေး ထောက်ပံ့ကြေးများပေးသည်။ ယင်းသို့ ပေးသည်မှာ လယ်သမားများအနေဖြင့် အရှုံးမရှိဘဲ ပိုမိုနိမ့်ကျသော ကမ္ဘာ့ဈေးကွက် ဈေးနှုန်းများဖြင့်ရောင်းချနိုင်စေရန် ဖြစ်သည်။ (စိုက်ပျိုးရေး အသုံးစရိတ်တွင် ၅ဝ ရာခိုင်နှုန်းခန့်မှာ ထိုအထောက်အပံ့ အတွက် အသုံးပြုကုန်ကျခြင်းဖြစ်သည်။)

အချို့သော နှံစား သီးနှံများ၊ သကြား၊ အချို့သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ကုန် ပစ္စည်းများနှင့်အသားများ၏ ဈေးကွက် ဈေးနှုန်းများသည် သတ်မှတ်သည့် အဆင့်အောက်သို့ ကျဆင်းသွားသည့်အခါတွင် ဥရောပအဖွဲ့က ဝင်ရောက်ဆောင်ရွက်သည်။ ဆောင်ရွက်ပုံမှာ ကုန်စည်ပမာဏအချို့ကိုဝယ် ယူကာ ဈေးနှုန်းများ ပြန်တက်လာသည့် အချိန်အထိ သိုလှောင်ထားရှိသည်။ ၁၉၈ဝ ပြည်နှစ်များတွင်ကုန်စည်များကို တိုးချဲ့ထုတ်လုပ်ခဲ့ကြရာ စားနပ် ရိက္ခာပိုလျှံမှုများ ဖြစ်ပွားကာ ထိန်းသိမ်းထားနိုင်ခြင်းမရှိသဖြင့် အမြောက်အမြား ဖျက်ဆီးပစ်ခဲ့ရပေသည်။

ဥရောပအဖွဲ့၏ ဘတ်ဂျက်တွင် နှစ်စဉ်အသုံးစရိတ်၏ ၃ ပုံ ၂ ပုံကို စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုကြသည်။ ၎င်းမှာ အဓိက အားဖြင့် ဈေးနှုန်းများကို ပံ့ပိုးပေးရန် အတွက်ဖြစ်သည်။

၁၉၉ဝ ပြည်နှစ်တွင် ဘုံစိုက်ပျိုးရေးပေါ်လစီ (စီအေပီ) သည် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာအထွေထွေသဘောတူညီမှု စာချုပ်အဖွဲ့ (ဂတ်အဖွဲ့) ၏ ဥရုဂွေးဝိုင်းညှိနှိုင်းစေ့စပ်မှုများတွင်တိုက်ခိုက် ပြောဆိုခြင်းခံခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုအစိုးရက ဥရောပအဖွဲ့(အီးစီ)၏ စိုက်ပျိုးရေးနှင့်ကုန်စည်တင်ပို့မှုဆိုင်ရာထောက်ပံ့ကြေးများသည် ကမ္ဘာ့ဈေးကွက်များကို ကမောက်ကမ ဖြစ်စေသည်ဟူသောအကြောင်း ပြချက်ဖြင့် ၎င်းထောက်ပံ့ကြေးများကို အကြီးအကျယ်လျော့ချပေးရန် တောင်းဆို ခဲ့လေသည်။ထိုနှစ်နိုဝင်ဘာလတွင် ဥရောပအဖွဲ့၏ စိုက်ပျိုးရေးဝန်ကြီးများက ၁ဝ နှစ်တာကာလ အတွင်း စိုက်ပျိုးရေးထောက်ပံ့ကြေးများ ကို ၃ဝ ရာခိုင်နှုန်းလျှော့ချရန် ဥရောပကော်မရှင်၏အဆိုပြုချက်များကို သဘောတူလက်ခံခဲ့ကြသည်။

ထိုနောက် ၁၉၉၁ ခုနှစ်၊ မေလတွင် နှံစားသီးနှံများနှင့် အခြားထွက်ကုန်များအတွက် ပံ့ပိုးမှုဈေးနှုန်း ကို လျှော့ချခဲ့ကြသည်။ ထိုနှစ်နောက်ပိုင်းတွင် ဥရောပကော်မရှင်က ဥရောပအဖွဲ့၏ စိုက်ပျိုးရေးထောက်ပံ့မှု များကို ဈေးနှုန်းများထိန်းထားရေးမှ လယ်သမားများ၏ ဝင်ငွေများထိန်းပေးရေးသို့ ပြောင်းလဲစေရန် ရည်ရွယ်ချက်ဖြင့် ရေရှည်ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် အဆိုပြု တင်ပြခဲ့သည်။ ဤသို့ပြောင်းလဲစေခြင်းဖြင့်လယ်သမား များအတွက် လိုသည်ထက်ပို၍ ထုတ်လုပ်လိုသော ဆွဲဆောင်မှုနှင့် စိတ်ဆန္ဒများကင်းမဲ့မည်ဖြစ်သည်။ ယင်းအဆိုပြုချက်ကို ဝန်ကြီးများက ၁၉၉၂ ခုနှစ်၊ မေလတွင် တစ်မျိုးတစ်ဖုံပြင်ဆင်ကာ လက်ခံအတည်ပြုခဲ့ကြသည်။ နှံစားသီးနှံများ၊ ကြက်ဘဲနှင့် ကြက်ဥ၊ ဘဲဥ၊ အသားနှင့် နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းများကို လျှော့ချခဲ့ကြရာ ဤနစ်နာမှုများအတွက် လယ်သမားများအား အပိုခွင့်ပြုငွေများပေးခဲ့သည်။ ဤငွေများရရှိသူ လယ်သမားများ က ၎င်းတို့၏ စိုက်ပျိုးမြေ ၁၅ ရာခိုင်နှုန်းကို စိုက်ပျိုးခြင်းမပြုဘဲ ပလပ်ထားကြရသည်။

၁၉၉၂ခုနှစ်၊ မေလတွင် အမေရိကန်အစိုးရက ဥရောပ အဖွဲ့(အီးစီ) မှ ဆီထွက်သီးနှံထုတ်လုပ်သူများအား ထောက်ပံ့ ကြေးများပေးခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ဥရောပကုန်စည် များအပေါ်တွင် သွင်းကုန် အကောက်ခွန်များ ကြီးမားစွာတိုးမြှင့် ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယင်းထောက်ပံ့ကြေးများ ပေးခြင်းကြောင့် အမေရိကန်နိုင်ငံမှ ပဲပိစပ်တင်ပို့မှုများမှာ မတရား ယှဉ်ပြိုင်ခြင်းခံရကြောင်း အမေရိကန်အစိုးရက အကြောင်း ပြခဲ့သည်။ အမေရိကန်အစိုးရ၏ ကြွေးကြော်မှုကြောင့် ကုန်သွယ် ရေးစစ်ပွဲ တစ်ရပ်ဖြစ်ပွားတော့ မည်ကဲ့သို့သော အခြေအနေပေါ် ပေါက်လာပြီး ဂတ်အဖွဲ့၏ စေ့စပ်ညှိနှိုင်းမှုများကို နိဂုံးကမ္ပတ် အဆုံးမသတ်နိုင်မည့် အန္တရာယ်ရှိသည်ဟု စိုးရိမ်လာခဲ့ကြသည်။ ဤအခြေအနေမှာ ခြောက်လခန့်တည်ရှိနေပြီး နိုဝင်ဘာလတွင်မှ အမေရိကန်အစိုးရနှင့် ဥရောပကော် မရှင်တို့စပ်ကြား သဘော တူညီမှုရရှိခဲ့ကြသည်။ အီးစီ၏ လယ်ယာမြေများတွင် ပဲပိစပ် စိုက်ပျိုးမှု ဧရိယာလျှော့ချခြင်းကို အမေရိကန်တို့ကသဘောတူခဲ့သည်။ ထို့ပြင် ခြောက်နှစ်တာကာလတွင် ဥရောပအဖွဲ့ (အီးစီ)၏ ထောက်ပံ့ကြေးခံယူထုတ်လုပ်သော လယ်ထွက်ကုန်များတင်ပို့မှုကို ပမာဏဘက်တွင် ၂၁ ရာခိုင်နှုန်းနှင့် တန်ဖိုးဘက်တွင် ၃၆ ရာခိုင်နှုန်းလျှော့ချပေးမည့် အရေးကိုလည်းအမေရိကန်တို့က သဘောတူလက်ခံခဲ့ကြသည်။ ဤသဘောတူညီချက် များသည် ၎င်း၏လယ်သမားများအား အကျိုးထိခိုက်နစ်နာစေ သည်ဟုဆိုကာ ပြင်သစ် အစိုးရက ဆန့်ကျင်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂတ်အဖွဲ့၏ ဥရုဂွေးဝိုင်း အောင်မြင်စွာ မပြီးဆုံးမီ နောက်ဆုံးမိနစ်ပိုင်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြစဉ် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အမေရိကန် ပြည်ထောင်စုနှင့် အီးစီ တို့အကြား ကောက်ပဲသီးနှံ တင်ပို့မှု ထောက်ပံ့ကြေးများနှင့် ပတ်သက်၍ရရှိခဲ့သော သဘောတူညီချက်တွင် အလျှော့အတင်းအချို့ ပြုလုပ်နိုင်ခဲ့ကြရာ ၎င်းသဘော တူညီချက်သည် ဂတ်အဖွဲ့၏စိုက်ပျိုးရေး ဆိုင်ရာသဘောတူညီချက်အတွက် အခြေခံဖြစ်လာခဲ့သည်။

ဤ အတောအတွင်း ၁၉၉၂ ခုနှစ်၊ စက်တင်ဘာနှင့် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လအကြားတွင် ငွေကြေးလဲလှယ်မှု နှုန်းများ ကယောက်ကယက် ဖြစ်ခြင်းကြောင့် အီးစီအနေဖြင့် လယ်သမား များအား ဈေးနှုန်းပံ့ပိုးမှုများ တိုးပေးခဲ့ရသည့် အပြင် ၁၉၉၃ ခု၊ စက်တင်ဘာလတွင် လယ်မြေများပလပ်ထားရသော လယ်မြေများ အားပေးရသော လျော်ကြေးငွေကိုလည်း တိုးပေးခဲ့ရပေသည်။


ငါးဖမ်းလုပ်ငန်းကဏ္ဍ

အထူးသဖြင့် ငါးဖမ်းကွက်များသို့ ဝင်ရောက်ငါးဖမ်းခွင့် ပြဿနာနှင့် ပတ်သက်၍ ခုနစ်နှစ်တာမျှ စေ့စပ်ဆွေးနွေး ခဲ့ကြပြီးသည့်နောက်တွင် အဖွဲ့ဝင်နိုင်ငံ အားလုံး ဆိုင်ရာ ဘုံငါးဖမ်း ပေါ်လစီ (စီအက်ဖ်ပီ)သည် အတည်ဖြစ်လာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဥရောပ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ပင်လယ်ရေပြင်များ၌ ၎င်းတို့၏ကမ်းခြေများမှ ရေမိုင် ၆ မိုင်(၁၁ ဒသမ ၁ ကီလိုမီတာ) သို့မဟုတ် အချို့ကိစ္စများတွင် ၁၂ မိုင် အထိ တစ်ဦးတည်းသီးသန့် ငါးဖမ်းခွင့်ဆိုင်ရာ သဘောတူညီ ချက် ရရှိခဲ့ကြသည်။ ယင်း၏သက်တမ်းမှာ ၁ဝ နှစ်ရှိခဲ့သည်။ ၁၉၈၃ ခုနှစ် တွင် မိုင် ၂ဝဝ ဇုန်ကိုအတည်ပြုသည့် သဘော တူညီချက်တစ်ရပ် ရရှိခဲ့ကြသည်။ ဤသဘော တူညီချက်က တစ်ဦးတည်းသီးသန့် အမျိုးသားနိုင်ငံတော်ဇုန်အဖြစ် ၆ မိုင်ကို ခွင့်ပြုပြီး အခြားသော နိုင်ငံများအတွက် ၎င်းတို့၏ သီးခြား သမိုင်းစဉ်လာပိုင်ခွင့် များအရ ကမ်းခြေမှ ၆ မိုင်မှ ၁၂ မိုင် အတွင်းသွားလာဖမ်းဆီးခွင့်ကို ပေးခဲ့သည်။

ထိုအတောအတွင်း ၁၉၉ဝ ပြည့်နှစ်တွင် အီးစီနိုင်ငံ များ၏ ရေပြင်များ၌ အချို့သောငါးမျိုးစိတ်များ စိုးရိမ်ဖွယ်ရာ လျော့ပါးလာကြောင်း ထွက်ပေါ်လာသော သတင်းများအရ ဖမ်း နိုင်သည့် ငါးဖမ်းပမာဏခွင့်ပြု ချက်များကို လျှော့ချရန် သဘော တူညီခဲ့ကြသည်။ ဒေသအားလုံး၌ အထူးသဖြင့် မြောက်ပင်လယ် ဒေသများ၌ တစ်လလျှင် ၈ ရက်မျှ ငါးဖမ်းဆီးခြင်းမပြုဘဲ နေရ မည့် စည်းကမ်းချက်များကို ချမှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် မူ ငါးဖမ်းဆီးခြင်း မပြုရမည့် ကာလကို ဖေဖော်ဝါရီလမှ ဒီဇင်ဘာလများအတွင်း ၁၃၅ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဥရောပအဖွဲ့ (အီးစီ) ဝန်ကြီးများက ဘုံငါးဖမ်းပေါ်လစီ (စီအက်ဖ်ပီ) ကို နောက်ထပ် ၁ဝနှစ် သက်တမ်းတိုးရန် သဘောတူညီခဲ့ကြသည်။ ၁၉၉၃ ခု၊ ဖေဖော်ဝါရီလတွင် ဥရောပအဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ပြင်သစ်နိုင်ငံအတွင်းသို့ယင်း အဖွဲ့၏ ပြင်ပမှ ဈေး ပေါသော ငါးဖြူများ ဒလဟောဝင်ရောက်လာခြင်းကို တန်ပြန် လုပ်ဆောင်ထားသောအား ဖြင့် အီးစီးက အချို့သောငါးမျိုးများ အပေါ် အနည်းဆုံး ဈေးနှုန်းများကို ချမှတ်ပြဋ္ဌာန်းခဲ့သည်။ အီးစီသည် ငါးဖမ်းခွင့်များ အပြန်အလှန် ပေးရေး သဘောတူစာချုပ်များကို နော်ဝေး၊ ဆွီဒင်၊ကနေဒါ၊ အမေရိကန် ပြည်ထောင်စု စသည့်အခြားနိုင်ငံများနှင့် အချို့သော အာဖရိက နိုင်ငံများနှင့်ချုပ်ဆိုခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အက်စ်တိုနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား နိုင်ငံများနှင့် လည်းကောင်း၊ ၁၉၉၃ ခုနှစ် တွင် မော်ရီတေးနီးယားနိုင်ငံနှင့်လည်းကောင်း၊ ငါး ဖမ်းခွင့်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပေသည်။

စက်မှုလုပ်ငန်းကဏ္ဍ

စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ဥရောပအဖွဲ့ အထူးသဖြင့်ဥရောပကျောက်မီးသွေး နှင့် သံမဏိ အဖွဲ့ (အီးစီအက်စ်စီ) ၏ အစောဆုံးလုပ်ဆောင်လှုပ်ရှားမှု ဖြစ် လာခဲ့ပေသည်။ အီးစီအက်စ်စီဆိုင် ရာစာချုပ်သည် ၁၉၅၂ ခု၊ ဇူလိုင်လတွင် တရားဝင်အတည်ဖြစ်လာပြီးနောက် ၁၉၅၄ ခုနှစ် ကုန်ဆုံးချိန်တွင် ကျောက်မီးသွေးအမျိုးမျိုး၊ သံမဏိနှင့် သံအမျိုးမျိုး ရောင်းဝယ်မှုနှင့် ပတ်သက်သော အတားအဆီးအခက်အခဲ အားလုံး လိုလိုပင် ရှင်းလင်းသွားခဲ့သည်။ ဥရောပအဖွဲ့က ဈေးနှုန်းများ သတ်မှတ်ခြင်း၊ ထုတ်လုပ်မှု အဆင့်များ ကြီးကြပ်ခြင်း၊ ချေးငွေများ ပေးကမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည် ဖွံ့ဖြိုးရေး အစီအစဉ်များအား ကူညီခြင်းပြု လုပ်ခဲ့သည်။ အီးစီအက်စ်စီ စာချုပ်သည် သက္ကရာဇ် ၂ဝဝ၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ရာ ထိုအချိန် သို့ ကျရောက်သောအခါ အီးစီအက်စ်စီစာချုပ် ပါ ပြဋ္ဌာန်းချက်များကို အီးအီးစီ (ဘုံဈေး) စာချုပ်တွင်ထည့် သွင်းရန် ဥရောပ ကောင်စီက ၁၉၉၁ခုနှစ်တွင် သဘောတူညီခဲ့ သည်။

၁၉၇၇ မှ ၁၉၈ဝ ပြည်နှစ်များကာလတွင်း ကမ္ဘာတွင် သံမဏိဝယ်လိုအား ထူးကဲစွာကျဆင်းခဲ့ခြင်း ကြောင့် သံမဏိ လုပ်ငန်းကြီးအတွက် အနည်းဆုံးဈေးနှုန်းစည်းကမ်းချက်များနှင့် မဖြစ်မနေလိုက်နာရသည့် ထုတ်လုပ်ရေး ပမာဏသတ်မှတ်ချက် များ အပါအဝင် သံမဏိလုပ်ငန်းအတွက် စီမံချက်များကိုချမှတ် ပြဋ္ဌာန်းခဲ့ကြသည်။ ထိုနောက် ၁၉၉၂ခု နိုဝင်ဘာလတွင် ဥရောပ ကော်မရှင်က သံမဏိလုပ်ငန်းကို ထပ်မံပြုပြင်ဖွဲ့စည်းရေးအတွက် သုံးနှစ်တာ အရေးပေါ် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ဥရောပရက်ထည်နှင့် အဝတ်အထည်လုပ်ငန်းသည် ကာလရှည်ကြာစွာ နိုင်ငံခြားပြိုင်ဆိုင်မှုများ၏ ဒဏ်ကိုပြင်းပြင်း ထန်ထန် ခံစားခဲ့ရသည်။ ဥရောပအဖွဲ့သည် နိုင်ငံခြားမှတန်ဖိုး နည်းပစ္စည်း ထုတ်လုပ်ရောင်း ချသူများထံမှ ကုန်တင်ပို့မှုများကို ကန့်သတ်ရေးအတွက် အမ်အက်စ်အေ သဘောတူညီချက် ခေါ် အပြည်ပြည်ဆိုင်ရာ အထည်အလိပ်များ ကုန်သွယ်ရေးအစီအစဉ်တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

ဥရောပအဖွဲ့၏သင်္ဘောတည်ဆောက်မှု လုပ်ငန်းတွင် ၁၉၇၆-၁၉၈ဝ ကာလအတွင်း ထုတ်လုပ်မှုတွင် ၅ဝ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုပ်သမားအင်အား ၄ဝ ရာခိုင်နှုန်း ဆုတ်ယုတ် ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဥရောပ ကောင်စီက သင်္ဘောတည် ဆောက်ရေး လုပ်ငန်းအား ကူညီထောက်ပံ့ရေးအတွက် ဥပဒေညွှန်ကြားချက်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုနောက် ၁၉၈၆ နှင့် ၁၉၉ဝ ပြည့်နှစ် များတွင်လည်း ယင်းကူညီထောက်ပံ့မှု များနှင့် ပတ်သက်၍ အလားတူညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ခဲ့သည်။ သင်္ဘောတည်ဆောက်မှုအတွက် နိုင်ငံတော်မှ ကူညီ ထောက်ပံ့ရာ၌ အများဆုံးခွင့်ပြုသည့် ရာခိုင်နှုန်းကို ၁၉၈၇ ခုနှစ် တွင်သင်္ဘောတစ်စင်း၏ တန်ဖိုးတွင် ၂၈ ရာခိုင်နှုန်း မှ ၁၉၉၂ ခု နှစ်တွင် ၉ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပေသည်။

ဆက်သွယ်ပြန်ကြားရေး နည်းပညာလုပ်ငန်းတွင် ဂျပန် နှင့် အမေရိကန် ပြည်ထောင်စုတို့က ၎င်းတို့ ၏တိုးတက်သော အီလက်ထရွန်းနစ် ပစ္စည်းကိရိယာများဖြင့် ဈေးကွက်တွင် လွှမ်းမိုးနေကြခြင်းကို ထောက်ရှု ၍ ဥရောပကော်မရှင်က ဤလုပ်ငန်း တွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် အတူတကွတွဲဖက်ပေါင်းစပ်လုပ်ဆောင်ရေး မဟာဗျူဟာတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် အဆိုပြုချက် အများအပြား ပြုလုပ်ခဲ့သည်။ အက်စ်ပရစ် ခေါ် ဥရောပဆက်သွယ်ပြန်ကြားရေး သုတေသန မဟာဗျူဟာ အစီအစဉ်မှာ အဘက်ဘက်တွင် အလုံးစုံယှဉ်ပြိုင် နိုင်သော ဥရောပစက်မှုလုပ်ငန်းမျိုးအတွက် နည်းပညာ အခြေခံ အုတ်မြစ်များ တည်ဆောက်ချထားရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ် သည်။ ၁၉၈၉ခုနှစ်တွင် (တယ်လီဖုန်း ဆက်သွယ်မှုနှင့် တယ်လက်စ်ဆက်သွယ်မှုတို့မှတပါး ) ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ဈေးကွက်ကို ဖွင့်ပေးရန် ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။

အဖွဲ့ဝင်နိုင်ငံအားလုံးနှင့်သက်ဆိုင်သည့် ဘုံပို့ဆောင်ရေး ပေါ်လစီတစ်ရပ် ချမှတ်ထားရှိရေးကို ရောမစာချုပ်တွင် ဖော်ညွှန်း ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်မှာ ဥရောပအဖွဲ့အတွင်း ယာဉ်ရထားများလွတ်လပ်စွာ သွားလာမှုကို တားဆီးပိတ်ပင်သည့် နိုင်ငံ အသီးသီးတို့၏ စည်းမျဉ်း ဥပဒေများကို ညီညွတ်မှု ရရှိစေရန် တဖြည်းဖြည်း စံချလုပ်ဆောင်ကြရန် ဖြစ်သည်။

ဥရောပအဖွဲ့ဝင်နိုင်ငံများ၏ နယ်ခြားများတွင် အကောက်ခွန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ဖျက်သိမ်းရေး စီမံဆောင်ရွက်ချက်များမှာ ၁၉၉၁ ခုနှစ် နှစ်လယ်တွင် ပြီးဆုံး၍ ၁၉၉၃ ခု၊ ဇန်နဝါရီလအစပိုင်း တွင် အာဏာသက်ဝင်လာခဲ့သည်။ သို့ဖြစ် စေကာမူ လူများလွတ်လပ်စွာ ကူးသန်းသွားလာရေးနျင့်ပတ်သက်၍မူ ဥရောပအဖွဲ့ဝင် အစိုးရများစပ်ကြား၌ သဘောကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာလည်း နယ်ခြားများအား စနစ်တကျ ဂိုဏ်းဖွဲ့ရာဇဝတ်မှုကျုးလွန်ကြသူ လူဆိုးလူပျက်များ က တံခါးမရှိ ဓားမရှိအလွဲ သုံးစား ပြုကြခြင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးအတွက် အလွဲသုံးစား ပြုခြင်း၊ ရာဇဝတ်သားများ လဲလှယ်ရေး နည်းလမ်းစဉ်များနှင့် ခိုလှုံခွင့် တောင်းခံမှုနှင့် လူဝင်လူထွက် ကိစ္စများဆိုင်ရာ စည်း မျဉ်းဥပဒေများ စသည်တို့နှင့် ပတ်သက်သည့် ပြဿနာများရှိခြင်းကြောင့်ဖြစ်ပေသည်။

၁၉၉၃ ခုနှစ်နှောင်းပိုင်းတွင် ဥရောပအဖွဲ့ဝင် ကိုးနိုင်ငံတို့က နယ်ခြားများ၌ လူများလွတ်လပ်စွာ ဝင်ထွက်သွားလာကူးသန်းမှုကို ထိန်းချုပ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖျက်သိမ်းသည့် ရှင်ဂန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒိန်းမတ်၊ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့က ရှင်ဂန်းအဖွဲ့ တွင် မပါဝင်ဘဲနေခဲ့ကြသည်။

ဤကဏ္ဍတွင် အခြားဖြစ်ရပ်များမှာ ၁၉၈၆ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက ကူးသန်းရောင်းဝယ်ရေး/ကုန်သွယ်ရေးယာဉ်များအဖို့ နယ်ခြားများကို ပိုမိုလွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် ဥရောပအဖွဲ့ တစ်ဖွဲ့လုံးနှင့်အမျှ ကျယ်ပြန့်သောခွင့်ပြုချက် ပါမစ်လက်မှတ် များထုတ်ပေးရေး စနစ်တစ်ရပ်ကို သဘောတူညီခဲ့ကြသည်။ အီးစီလမ်းမကြီး များကို အသုံးပြုသည့် ထရပ်ကားများအတွက် အားလုံးနှင့်သက်ဆိုင်သော အခွန်အခပေးရေးစနစ် တစ်ရပ်ကိုလည်းပြုလုပ်ခဲ့ကြသည်။

၁၉၈၇ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက လေကြောင်းပို့ဆောင်ရေးကို လွတ်လပ်စွာပြုလုပ်နိုင်ရန် ဖွင့်ပေးသည့် သဘောတူညီချက်တစ်ရပ်ကိုရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် လေယာဉ် ပျံသန်းမှုများထူထပ် ပြည့်ကျပ်ခြင်းကို လျော့နည်း ကျဆင်းစေမည့် အစီအမံများ ကိုချမှတ်ခဲ့ကြသည်။ ထို့အပြင် လေယာဉ်ဖြင့်ကုန်စည်များသယ်ယူပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းအား လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖွင့်ပေးခြင်းအပါအဝင် အခြား အစီအမံများကို ဝန်ကြီးများက ၁၉၉ဝ ပြည့်နှစ်တွင် သဘောတူညီခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးများက ကောင်းကင်တစ်ခွင်ဟင်းလင်းပြင် အစီအစဉ် တစ်ရပ်ကို သဘောတူညီခဲ့ကြသည်။ ဤအစီအစဉ်အရ မည် သည့်ဥရောပအဖွဲ့ လေကြောင်းပျံသန်းမှုမဆို အခြားအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်း ခရီးစဉ်များကို ပျံသန်းမှုရရှိမည် ဖြစ်သည်။ (၁၉၉၇ ခု၊ ဧပြီ ၁ ရက်နေ့တွင် စတင်ပြုလုပ်ရန် ဖြစ်သည်။)

၁၉၉၈ ခုနှစ်တွင် ဥရောပအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် သက်ဆိုင်သည့် ဘုံရေကြောင်းပို့ဆောင်ရေးပေါ်လစီတစ်ရပ် ချမှတ်ရေးအတွက် တိုးတက်မှုရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် ဥရောပ ကော်မရှင်က ဥရောပအဖွဲ့ ဆိုင်ရာ သင်္ဘောများအား မှတ်ပုံတင်မှုပြုလုပ်ပေးရေး အစီအစဉ်တစ်ရပ် ချမှတ်လုပ်ဆောင် ရန်အဆိုပြုတင်ပြခဲ့သည်။ ထို့အပြင်သင်္ဘောကုမ္ပဏီများအနေဖြင့် ဥရောပအဖွဲ့နယ်ပယ်အတွင်း မည်သည့်နေရာ၌မဆို ရေကြောင်း ပို့ဆောင်မှု ပြုလုပ်ပေးနိုင်သည့် လွတ်လပ်ခွင့်ရှိရေးအတွက်လည်း အဆိုပြုတင်ပြခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဥရောပကောင်စီက ပင်လယ်ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်း လုံခြုံရေး အတွက် ညွှန်ကြားချက်များ မူကြမ်းနှစ်စောင်ကို သဘောတူ အတည်ပြုခဲ့သည်။

မီးရထားလမ်းများ ဆက်သွယ်ခုတ်မောင်းသွားလာမှုများနှင့် ပတ်သက်၍လည်း ဥရောပကော်မရှင်က ၁၉၈၉ ခုနှစ်တွင် ရထား သံလမ်းများ နှစ်ဖက်နှစ်ချောင်း အကွာအဝေး စံနှုန်းများနှင့် အချက်ပေး စနစ်များကို စံတစ်မျိုး တည်းဖြင့် ထားရှိလုပ်ဆောင်ကြရေးစသည့် စက်မှုပညာပိုင်းတွင် ညီညွတ်မှုများရှိရေး အပါအဝင် ပိုမိုပေါင်းစပ်ဖွဲ့စည်းမှုများ ရရှိ စေမည့် မီးရထားပေါ်လစီတစ်ရပ် ချမှတ်ရေးအတွက် အဆိုပြု ချက် များကိုသဘောတူအတည်ပြုခဲ့သည်။ ထိုနောက် ၁၉၉ဝ ပြည့်နှစ်တွင် ၎င်းကော်မရှင်က ဥရောပတစ်ခွင်အရှိန် အဟုန်ကြီးမားသည့်အထူးအမြန်ရထားများ ခုတ်မောင်းသွားလာရေးအတွက် ရထားလမ်းများဆက်သွယ်ဖောက် လုပ်ရေး မူလပင်မစီမံကိန်းကြီး တစ်ရပ်ကို အကြမ်းရေးဆွဲပြုလုပ်ခဲ့ပေသည်။

စွမ်းအင်ကဏ္ဍ

ယူရာတွမ် ခေါ် ဥရောပစွမ်းအင်အဖွဲ့ ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်သည် ၁၉၅၈ ခု၊ ဇန်နဝါရီ ၁ ရက်နေ့တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။ ယင်း၏ ရည်ရွယ်ချက်မှာ ဥရောပ အဖွဲ့အတွင်း နျူကလီးယားစွမ်းအင် စက်မှုလုပ်ငန်းကို နည်းအဖုံဖုံဖြင့် တိုးတက်ကြီးထွားလာစေရေး အတွက် အားပေး အားမြှောက်ပြုရန် ဖြစ်သည်။ နျူကလီးယား ပစ္စည်းများအတွက် ဘုံဈေးတစ်ခုကို ၁၉၅၉ ခုနှစ်တွင် တည် ထောင် ဖန်တီးခဲ့ကြသည်။ နျူကလီးယား အန္တရာယ်ကင်း လုံခြုံရေးနှင့်ထိန်းချုပ်ရေး ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်မှု အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီအဖွဲ့ (အိုင်အေအီးအေ)နှင့် ချုပ် ဆိုသောစာချုပ်သည် ၁၉၇၇ ခုနှစ် တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဥရောပကောင်စီက ၁၉၈၆-၉၅ ဆယ်ခုနှစ်အတွက် စွမ်းအင်ဆိုင်ရာရည်ရွယ်ချက် များကို ချမှတ် ခဲ့သည်။ ယင်းရည်ရွယ်ချက်များမှာ ဥရောပအဖွဲ့အနေဖြင့် ရေနံ အပေါ် အားထားနေရမှုကိုစွမ်း အင်အသုံးပြုမှု၏ ၄ဝ ရာခိုင်နှုန်း အထိ ထိန်းချုပ်ထားရန် အတွက်လည်းကောင်း၊ အသားတင်ရေနံ ဝယ်ယူတင် သွင်းမှုများကို စွမ်းအင်အသုံးပြုမှု၏ ၃ဝ ရာခိုင်နှုန်း အထိ၌သာ ထိန်းချုပ်ထားရှိရန် အတွက်လည်းကောင်း ဖြစ်ပေ သည်။ ရည်မှန်းချက်တစ်ရပ်မှာ စွမ်းအင်သယံဇာတအသစ်များနှင့် အသစ်တစ်ဖန် ပြန်လည်ထုတ်လုပ်နိုင်သော စွမ်းအင်သယံဇာတ များ (ဥပမာအားဖြင့် လေအား၊နေပူအား၊ ဟင်းသီးဟင်းရွက်ဆီ နှင့် ဇီဝအညစ်အကြေးများ)ကို တိုးတက် အသုံးပြုနိုင်ရန်ဖြစ် သည်။ စွမ်းအင်ကဏ္ဍတွင် နည်းပညာသစ်များ ဖော်ထုတ်နိုင်ရန် အလို့ငှာ ၁၉၉၃ ခုနှစ်-နှစ်ဝက်ပိုင်းတွင် တီထွင်မှုသဘောရှိသော စွမ်းအင်စီမံချက် ၅၂၈ အတွက်ဥရောပငွေကြေး အီးစီးယူ ၄၁၅ သန်းကျော်မျှ ထောက်ပံ့ရန်လျာထားခဲ့သည်။

၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဥရောပကောင်စီအနေဖြင့် မှန်လုံအိမ်အာနိသင်ဖြင့်ရာသီဥတုကိုပြောင်းလဲစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထုတ်လွှတ်မှုများကို သက္ကရာဇ် ၂ဝဝဝ အရောက်တွင်၁၉၉ဝ ပြည့်နှစ်အဆင့်တွင် တည်တည်တံ့တံ့ထားရှိရန် သဘောတူညီခဲ့ကြသည်။ ၁၉၉၃၊ ဇွန်လတွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ ကာဗွန်ဓာတ်ထုတ်လွှတ်မှု လျော့နည်းရေးအတွက်အစီအစဉ်သစ်နှစ်ရပ်ကို ဝန်ကြီးများကအတည် ပြုခဲ့ ကြသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍ

၁၉၈၇ ခု၊ ဇူလိုင်လတွင် စတင်အတည်ဖြစ်လာခဲ့သည့် ရောမစာချုပ်တွင် ပြင်ဆင်မှုများပြုလုပ်ရာ၌ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ ကဏ္ဍတစ်ရပ်ကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ကြသည်။ ဤကဏ္ဍတွင် ဥရောပ အဖွဲ့အတွင်း ဤအရေးကိစ္စ၌ ပူးပေါင်းဆောင်ရွက်ရမည့် အတိုင်းအတာကို သတ်မှတ်ဖော်ပြ ထားသည်။ ၁၉၉ဝ - ၉၄ ကာလအတွင်း သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအား ထောက်ပံ့ရေးအစီးအစဉ်အတွက် ဥရောပငွေကြေး အီးစီယူသန်း ၆,၆ဝဝ သတ်မှတ်ပေးထားသည်။

ဥရောပအဖွဲ့ပိုင် ပူးတွဲသုတေသနဗဟိုဌာန (ဂျေအာရ်စ်) ကို ၁၉၈၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ရာ အီတလီ၊ ဗဲလဂျီယံ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် အခြေစိုက်သည့် ဌာနရှစ်ခု ပါဝင်ပေသည်။

ဥရောပဆက်သွယ်ပြန်ကြားရေး သုတေသနမဟာဗျူဟာ အစီအစဉ် (အက်စ်ပရစ်) ကို ၁၉၈၄ခုနှစ် တွင်စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဥရောပအဖွဲ့က ဥရောပတိုက်တွင် တိုးတက်သော ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်တွဲဖက်သုတေသန အစီအစဉ်တစ်ရပ်ကိုစတင်ဖော်ဆောင် လုပ်ကိုင်ခဲ့သည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတို့တွင် ခေတ်မီဇီဝဗေဒ အသုံးပြုမှုကို တိုးတက်မြှင့်တင်ပေးရန်ရည် ရွယ်ချက်ဖြင့်ဥရောပ အဖွဲ့က ဇီဝနည်းပညာသုတေသနလုပ်ငန်းကို အားပေးထောက်ပံ့သည်။ ၁၉၉ဝ-၉၄ ကာလ အတွင်း ဇီဝနည်းပညာ အစီအစဉ် ၌ ၁၉၉၂ ခုနှစ် ကုန်ဆုံးချိန်တွင် သုတေသနအဖွဲ့ ၅၇၉ ဖွဲ့တို့က စီမံချက် ၇၆ ခုကိုဆောင်ရွက်လျက်ရှိကြသည်။ ဇီဝနည်းပညာပေါ်တွင်အခြေပြုသည့် အီကလဲယား အစီအစဉ်ခေါ် စိုက်ပျိုး-စက်မှုသုတေသနလုပ်ငန်းကို ဘတ်ဂျက် ရန်ပုံငွေ ဥရောပငွေကြေး အီးစီယူသန်း ၆ဝ ဖြင့် ၁၉၈၉-၉၃ ကာလအတွင်း ဆောင်ရွက်ခဲ့ကြသည်။ အစားအစာ သိပ္ပံနှင့် နည်းပညာနှင့် ပတ်သက်သည့် ဖလဲယား အစီအစဉ်ခေါ် သုတေသနလုပ်ငန်းကိုလည်း အထက်ပါ ကာလအတွင်း၌ လုပ်ကိုင်ခဲ့ကြသည်။

စိုက်ပျိုးရေးနှင့် စိုက်ပျိုး-စက်မှုလုပ်ငန်းအတွက် သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေး အစိအစဉ်သစ် တစ်ရပ်ကို ၁၉၉၁ - ၉၄ ကာလအတွက် ရန်ပုံငွေ အီးစီယူ ၃၃၃ သန်းဖြင့် အတည်ပြုခဲ့ကြသည်။ ဇီဝဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်း အစီအစဉ်တစ်ရပ်ကို ၁၉၉ဝ-၉၄ ကာလအတွင်း အီးစီယူ ၁၃၃ သန်း သုံးလုပ်ဆောင်ရန် အတည်ပြုခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ဥရောပကောင်စီက စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများ၊ လေယာဉ်ပညာ၊ ဓာတု ပစ္စည်းများ၊ အထည်အလိပ်များနှင့် သတ္တုလုပ်ငန်းများ စသည့်လက်ရှိ စက်မှုလုပ်ငန်းများ အကျိုးအတွက် နည်းလမ်းသစ်များ ဖန်တီးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် စက်မှုလုပ်ငန်းနည်းပညာများတွင် အခြေခံသုတေသနပြုမှုများ လုပ်ဆောင်ရန်အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့သည်။

ဥရောပအဖွဲ့(အီးစီ)သည် နှစ်နိုင်ငံချင်း သုတေသနစီမံ ချက်များတွင် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ (အထူးသဖြင့် အက်ဖ်တာခေါ် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေး အသင်းဝင်နိုင်ငံများ) နှင့်ပူးပေါင်းဆောင်ရွက်သည်။ ဤတွင် ၁၉၉ဝ - ၉၄ ကာလအတွင်း ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ နှင့် သိပ္ပံပညာ နှင့်စက်မှုပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် တွင် ၁၉၉၂ ခုနှစ်အတွက် အီးစီယူ ၅၅ သန်းမျှ သုံးစွဲလုပ် ဆောင်ရန် လျာထားသတ်မှတ်ခဲ့ပေသည်။

ဥရောပအဖွဲ့ (အီးစီ) တစ်ဖြစ်လဲ ဥရောပသမဂ္ဂ (အီးယူ) မော့စ်ထရစ်စာချုပ် ဥရောပဘုံဈေး (အီးစီ) ကို ရောမစာချုပ်ဖြင့် ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက်စာချုပ်ဝင် ဥရောပနိုင်ငံ များ၏ အစုအသင်းဘုံဈေး (အီးအီးစီ)နှင့် ဥရောပအဖွဲ့ (အီးစီ) ဟုအလဲအလှယ် ခေါ်ဝေါ်ခဲ့ကြသည့်အပြင် တစ်ခါတစ်ရံ၌ ဥရောပသမဂ္ဂ(အီးယူ) ဟူ၍ပင် အလွတ်သဘော သုံးနှုန်း ခေါ်ဝေါ်လာခဲ့ကြသည်။

အထက်နောက်ဆုံးအခေါ်ဝေါ်မှာ ပိုမိုတွင်ကျယ်လာခဲ့ရာ ဥရောပစာချုပ်၏ အဝန်းအတားကိုထပ်မံ ပြင်ဆင်တိုးချဲ့သည့် စာချုပ်တစ်ရပ်ကို ဥရောပအဖွဲ့၏ အစိုးရ ခေါင်းဆောင်များက ၁၉၉၁ ခု၊ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံ၊ မော့စ်ထရစ်မြို့တွင် သဘောတူအတည်ပြုခဲ့ကြသည်။ ၁၉၉၂ ခု၊ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၉၃ ခု၊ အောက်တိုဘာလတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ အတည်ပြုခဲ့ကြသည်။ ၎င်း စာချုပ်သည် ၁၉၉၃ ခု၊ နိုဝင်ဘာ ၁ ရက်နေ့တွင် တရားဝင်အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်ဖြင့်စာချုပ် ဝင်နိုင်ငံများက ၎င်းတို့အားလုံး အတွက် ဥရောပသမဂ္ဂ (အီးယူ) ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ (ဤစာချုပ်ကို မော့စ်ထရစ် စာချုပ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။)

ထိုနောက်အထက်ပါ စာချုပ်ဆိုင်ရာ အခြေပြစာချုပ် တစ်ရပ်ကို အတည်ပြုခဲ့ကြပြီး ၁၉၈၉ ခုနှစ်လူမှုရေး ပဋိညာဉ် စာတမ်းပေါ်အခြေခံသည့် လူမှုရေးပေါ်လစီနှင့်ပတ်သက်သော သီးခြားစာချုပ်ကိုဗြိတိန်နိုင်ငံမှတစ်ပါး အဖွဲ့ဝင်နိုင်ငံအားလုံးက လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤစာချုပ်သည် ဥရောပပြည်သူများစပ်ကြား ပိုမိုရင်ကြားစေ့စေသော သမဂ္ဂတစ်ခုဖန်တီးရေးဖြစ်စဉ်၌ မှတ်တိုင်သစ် တစ်ခုကို စိုက်ထူလိုက်ခြင်း ဖြစ်သည်။ ဤသမဂ္ဂ အတွင်း၌ ဆုံးဖြတ်ချက်များကို ဥရောပပြည်သူများ ကိုယ်တိုင်ဖြစ်နိုင်သမျှ ဆုံးဖြတ်ရမည့် အခြေအနေမျိုး ဖြစ်ပေါ်တည်ရှိ လာပါသည်။ ယင်း၏လုပ်ငန်းတာဝန် မှာအဖွဲ့ဝင်နိုင်ငံများ စပ်ကြား၌သော်လည်းကောင်း၊ ပြည်သူများစပ်ကြား၌သော်လည်းကောင်း ဆက်ဆံရေးများကို ညီညွတ်ပေါင်းစည်းမှု သရုပ်ထင်စေမည့် ပုံစံဖြင့် စည်းရုံးစီစဉ်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း စာချုပ်က လမ်းညွှန်မှုပေးထားသည်။

ဥရောပသမဂ္ဂသို့အဖွဲ့ဝင်အဖြစ်ပါဝင်ရေး

ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရေးအတွက် ဩစတြီးယား၊ ဖင်လန်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံများနှင့် အလေးအနက်ပြုလုပ်သော စေ့စပ်ဆွေးနွေးမှုများသည် ၁၉၉၄ ခုနှစ်၊ မတ်လအတွင်းပြီးဆုံးသွားခဲ့သည်။ ယင်းဆွေးနွေး မှုများမှာ ၁၉၉၃ ခုနှစ် ပထမလေးလပတ်တွင် စတင်ခဲ့ခြင်းဖြစ် သည်။ ယင်း လေးနိုင်ငံစလုံးပင် အဖွဲ့ဝင်ခုနှစ်နိုင်ငံဖြင့် ဖွဲ့စည်း ထားသည့် လွတ်လပ်သော ဥရောပစီးပွားရေးနယ်ပယ်တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ထို့အပြင် ဥရောပစီးပွားရေးနယ်ပယ် (အီးအီးအေ) တွင်လည်းအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ကြသည်။

နော်ဝေးနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂတွင်ပါဝင်ရေး အတွက် ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ်ကို ၁၉၉၄ခု၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် နော်ဝေးနိုင်ငံ၌ ကျင်းပခဲ့ရာ၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၈၈ ရာခိုင်နှုန်းတို့ကမဲပေးခဲ့ကြပြီး သဘောမတူကန့်ကွက်သူ ၅၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် သဘောတူလက်ခံသူ ၄၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ပယ်ချခဲ့သည်။ မဲဆန္ဒမပေးမီ ရက်သတ္တပတ် ပေါင်းများစွာကြာမျှ ပြင်းထန်စွာငြင်းခုံပြောဆို မဲဆွယ်ခဲ့ကြသည်။ အခြားမျက်နှာစာ တစ်ရပ်မှာ ယခင်က ဆိုဗီယက် ပြည်ထောင်စု၏ အပေါင်းအပါများ ဖြစ်ခဲ့သော အရှေ့ဥရောပ နိုင်ငံများက အီးစီ/အီးယူတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသော ဆန္ဒရှိလာကြခြင်းပင်ဖြစ်သည်။ ဟန်ဂေရီနှင့်ပိုလန်နိုင်ငံတို့သည် ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်ရန် ပထမဆုံးလျှောက်ထားခဲ့ကြသည့် ယခင်ကွန်မြူနစ် နိုင်ငံများဖြစ်လာခဲ့ကြသည်။ ဟန်ဂေရီက ၁၉၉၄ ခု၊ ဧပြီ ၁ ရက်နေ့နှင့် ပိုလန်က ဧပြီ ၈ ရက်နေ့တွင်အဆိုပြုခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်တွင် အဖွဲ့ဝင်ခွင့်ရမည်ကို အနောက်ဥရောပအဖွဲ့အစည်းများက ပြောကြားခြင်းမရှိသဖြင့် ပိုလန်၊ ဟန်ဂေရီနှင့် အခြားနိုင်ငံများက စိတ်မချမ်းမသာ ဖြစ်နေကြောင်း ၁၉၉၄ ခု၊ နိုဝင်ဘာကုန်ပိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့သည်။

ဤအတောအတွင်း ၁၉၉၄ ခု၊ မတ်လ ၂၃ ရက်နေ့ တွင် ဥရောပသမဂ္ဂနှင့် ယူကရိန်းနိုင်ငံတို့သည် အကျိုးတူတွဲဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဤသည်မှာ ယခင် ဆိုဗီယက်သမ္မတနိုင်ငံ တစ်နိုင်ငံနှင့် ပထမဆုံးစာချုပ်ချုပ်ဆိုခြင်းပင်ဖြစ်သည်။ ဤစာချုပ်၌လွတ်လပ်သော ကုန်သွယ်ရေး ဒေသတစ်ခု တည်ထောင်ရေး အလားအလာနှင့်တကွ နှစ်ဦးနှစ်ဖက်စီးပွားရေးနှင့် နိုင်ငံရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားဆက်ဆံမှုများ
ဥရောပသမဂ္ဂသည် ၎င်း၏ကိုယ်ပိုင်လုပ်ခွင့်အရ နိုင်ငံပေါင်းများစွာနှင့်လည်းကောင်း၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့်လည်းကောင်း သံတမန်ဆက်ဆံမှုများရှိသည့်အပြင် ဂတ်အဖွဲ့ကဲ့သို့အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ များတွင် အဖွဲ့အစည်းတစ်ရပ်အဖြစ်ဖြင့် ပါဝင်ဆင်နွှဲသည်။ ယင်းသမဂ္ဂသည် ကုလသမဂ္ဂ၌ လေ့လာသူ အဆင့်အတန်းကို ရရှိထားသည်။ နိုင်ငံနှင့်နိုင်ငံစု အမြောက်အမြားနှင့် သဘောတူ စာချုပ်များချုပ်ဆိုကာ ကုန်သွယ်ရေးနှင့် အခြားရေးရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခွင့်များရရှိခဲ့သည်။ ယင်းသမဂ္ဂသည် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အမျိုးမျိုးတွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

၁၉၈၇ ခု၊ ဇူလိုင် ၁ ရက်နေ့ချုပ်ဆိုခဲ့သော တစ်ခုတည်းသော ဥရောပအက်ဥပဒေအရအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံခြားရေးရာကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အကြောင်းကြား အသိပေးကာ ဆွေးနွေး တိုင်ပင်ကြ ရမည်ဖြစ်သည်။ ဥရောပသမဂ္ဂဆိုင်ရာ စာချုပ်ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင်အစိုးရများသည် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တွဲဖက်ပူးပေါင်းဆောင်ရွက်ခွင့်ရှိသည်။ ဤစာချုပ်၌ အဆုံးစွန်သောကာလတွင် ဘုံကာကွယ်ရေးပေါ်လစီ တစ်ရပ် ပြုလုပ်ချမှတ်ရေးအတွက်မျှော်မှန်းချက် ရှိသည့်အပြင် ဘုံကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထူထောင်မည့် အလား အလာလည်းရှိသည်။

အနောက်ဥရောပသမဂ္ဂဟူသောအမည်ဖြင့် တည်ရှိ၍ ဒိန်းမတ်၊ ဂရိနှင့် အိုင်ယာလန်နိုင်ငံတို့မှ တစ်ပါး ကျန်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်သည့် အဖွဲ့အစည်းကို ၎င်း သမဂ္ဂ၏ ကာကွယ်ရေးအစိတ် အပိုင်းအဖြစ် ဖန်တီးကြမည်ဖြစ်သည်။ သို့သော်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)သို့ တာဝန်ခံယူထားချက်များကိုမူ ဂရုပြုလေးစားကြမည်ဖြစ်သည်။

ဘုံနိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒသည် ဥရောပ အဖွဲ့(အီးစီ)၏ လုပ်ပိုင်ခွင့်အတွင်း၌ တည်ရှိသည်။ ဤလုပ်ငန်း နယ်ပယ်၌ ဆုံးဖြတ်ချက်များကို ဥရောပကောင်စီနှင့် ဝန်ကြီးများ ကောင်စီတို့က ပြုလုပ်ကြသည်။

ဥရောပငွေကြေးယူနစ်
ဥရောပငွေကြေးစနစ် (အီးအမ်အက်စ်)ကို တည်ထောင် ဖန်တီးခဲ့ကြရာတွင် ဥရောပငွေကြေးယူနစ် (အီးစီယူ)ခေါ် ငွေကြေးစနစ် အသစ်တစ်မျိုးကို အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။ ယင်း၏ တန်ဖိုးနှင့် ဖွဲ့စည်းမှုမှာဥရောပအဖွဲ့၏ အုပ်ချုပ်ရေးနယ်ပယ်များ၌ သုံးစွဲနေပြီဖြစ်သော အီးယူအေခေါ် ဥရောပငွေစာရင်းယူနစ်နှင့် တူညီသည်။

၁၉၇၉ ခုနှစ်မှစ၍ အီးစီယူကိုဘုံစိုက်ပျိုးရေး ပေါ်လစီ ရေးရာကိစ္စများအတွက် ငွေကြေးအဖြစ်အသုံးပြုခဲ့ကြသည်။ အီးစီယူသည် ၁၉၈၁ ခုနှစ်မှစ၍ ဥရောပအဖွဲ့ (အီးစီ)၏ ရသုံးငွေစာရင်းတွင် အီးယူအေကို ဖယ်ရှား၍၎င်း၏နေရာကို အစားထိုး ဝင်ယူခဲ့လေသည်။ ယခုအခါ၌ အီးစီယူသည် ဥရောပအဖွဲ့၏ တစ်ခုတည်းသော ငွေကြေးယူနစ်ဖြစ်သည်။

အီးစီယူသည် ရောပြွမ်းပေါင်းစပ်ထားသော ငွေကြေးယူနစ်တစ်ခုဖြစ်သည်။ ဤငွေကြေးယူနစ် အတွင်း၌ ငွေကြေးတစ်ခုစီ၏ စံနှုန်းတန်ဖိုးကို နိုင်ငံတစ်နိုင်ငံစီ၏ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီအင်ပီ)နှင့် ကုန်သွယ်မှုပမာဏအရ ပိုင်းခြားသတ်မှတ်သည်။ ၁၉၈၅ ခုနှစ်၊ ဇွန်လတွင် ဥရောပအဖွဲ့၏ ဗဟိုဘဏ် ဥက္ကဋ္ဌများက အီးစီယူ ငွေကြေးသုံးစွဲမှု တိုးတက်ကျယ်ပြန့်ကာ ဥရောပငွေကြေးစနစ် (အီးအမ်အက်စ်)ကို ခိုင်မာအောင်ပြုလုပ်ရန် ရည်ရွယ်လျက် စီမံချက်များ ချမှတ်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၈၉ ခု၊ ဇွန်လတွင် ပေါ်တူဂီနိုင်ငံနှင့် စပိန်နိုင်ငံတို့၏ ငွေကြေးများကိုအီးစီ ယူ၏ဖွဲ့စည်းမှုတွင် ၎င်းနှစ်စက်တင်ဘာ ၂ဝ ရက်နေ့မှစ၍ ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့ရက်မှစ၍ အီးစီယူဖွဲ့စည်းမှု၌ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားငွေကြေး ပမာဏများ၏ တန်ဖိုးညီမျှမှုကို ရာခိုင် နှုန်းများဖြင့် ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် ပြင်သစ်ဖရန့်ငွေ- ၁၉ ဒသမ ဝ၊ ဂျာမန်ဒွိုက်ရှ် မတ်ငွေ-၃ဝ ဒသမ ၁၊ ဗြိတိသျှ ပေါင် စတာလင် ၁၃ ဒသမ ဝ။ ၁၉၉၃ ခု၊ စက်တင်ဘာ ၃ဝ ရက်နေ့တွင် အီးစီယူ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၆ဝ၄ ဖြစ်ခဲ့သည်။

ဥရောပအဖွဲ့၏ ဘတ်ဂျက်နှင့်ဘဏ္ဍာရေးအခြေအနေ

ဥရောပအဖွဲ့ (အီးစီ)၏ ယေဘုယျ သုံးငွေစာရင်း (ဘတ်ဂျက်)တွင် ဘုံဈေးအဖွဲ့ (အီးစီ)နှင့် ယူရေတွမ်အဖွဲ့တို့၏ အသုံးစရိတ်နှင့် ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (အီးစီအက်စ်စီ) ၏အုပ်ချုပ်ရေးအသုံးစရိတ် တို့ပါဝင်သည်။ ဥရောပကော်မရှင်သည် ၎င်းဘတ်ဂျက်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ဥရောပအဖွဲ့၏ရငွေများတွင် အခွန်အတုတ်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ငွေကြေးများပါဝင်သည်။

၁၉၉၃ ခုနှစ်အတွက် အီးစီကော်မရှင်၏ စုစုပေါင်း ဘတ်ဂျက် အသုံးစရိတ် လျာထားငွေ များမှာ အီးစီယူ အီးစီယူ ၆၄,၄ဝ၅ သန်းကျော်ရှိသည်။ ဤငွေများတွင် အုပ်ချုပ်ရေးအတွက် အီးစီယူ ၂,၂၈၃ သန်းကျော်နှင့် လုပ်ငန်းဆောင်ရွက်မှုများ (စီမံကိန်း၊ စီမံချက်စသည်များဖော်ဆောင်ရေး) အတွက် အီးစီယူ ၆၂,၁၂၁သန်း ပါဝင်သည်။

ရငွေဘက်တွင် စုစုပေါင်းအခွန်ငွေများရရှိမှုမှာ ၁၉၉၃ ခုနှစ်တွင် အီးစီယူ ၆၅,၅၂၂ ဒသမ ၆ သန်း ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ဤငွေပမာဏတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ကြေး များမှာ အီစီယူ ၆၅,ဝ၆၄ ဒသမ ၉ သန်း ခန့်ရှိသည်။ ထည့်ဝင်ငွေကြေးများတွင် အများဆုံးထည့်ဝင်သူမှာ ဂျာမနီနိုင်ငံ (၂၈ ဒသမ ၇ ရာခိုင်နှုန်း)နှင့် အနည်းဆုံးထည့်ဝင်သူမှာ လူဇင်ဘတ် နိုင်ငံ (သုညဒသမ ၂ ရာခိုင်နှုန်း) ဖြစ်သည်။

တက်ထွန်းအောင်[၃]

ကိုးကား

  1. Oxford Dictionary of English: European 5 b. spec. Designating a developing series of economic and political unions between certain countries of western (and later also eastern) Europe from 1952 onwards, as European Economic Community, European Community, European Union.
  2. First demographic estimates for 2009 (11 December 2009)။ 3 February 2010 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
ခရိုအေးရှားနိုင်ငံ

ခရိုအေးရှားနိုင်ငံ (တရားဝင်အခေါ်အားဖြင့် ခရိုအေးရှား သမ္မတနိုင်ငံ) သည် ဥရောပ အလယ်ပိုင်း နှင့် အရှေ့တောင်ပိုင်း တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဒေသ အခေါ်အဝေါ်မှာ ဟာဗက်ဆကာ ဖြစ်သည်။ပင်နိုနီယန်လွင်ပြင် (Pannonian Plain)၊ ဘော်လ်ကန်ဒေသ နှင့် အေဒရီယက်တစ်ပင်လယ် တို့သို့ ဖြတ်လမ်းတွင် တည်ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဇာဂရက်မြို့ ဖြစ်သည်။ မြောက်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ အရှေ့ဘက်တွင် ဆားဘီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် မွန်တီနီဂရိုးနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။

ခရုတ် (Croats) လူမျိုးများသည် ယခုဒေသတွင်းသို့ (၇)ရာစုနှစ်ကပင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ နယ်စားအုပ်ချုပ်သောတိုင်းပြည် (dukedom) ၂ခု အဖြစ်စတင်ခဲ့သည်။ အေဒီ ၉၂၅တွင် ပထမဆုံးဘုရင် တိုမီဆလပ်ဗ် နန်းတက်ခဲ့သည်။ ထို့နောက် ဘုရင့်နိုင်ငံဖြစ်လာခဲ့သည်။ ခရိုအေးရှားဘုရင့်နိုင်ငံ၏ ဩဇာအာဏာသည် ၁၁၀၂ခုနှစ် Peter Krešimir IV လက်ထက်တွင် အထွတ်အထိပ်ရောက်ခဲ့သည်။ ၁၅၂၇တွင် ခရိုအေးရှားပါလီမန်မှ ဖာဒီနန် (Ferdinand) အား မင်းအဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၁၈တွင် ခရိုအေးရှားသည် ဩစတြီးယား-ဟန်ဂေရီအင်ပါယာ လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည်။ ယူဂိုဆလားဗီးယားဘုရင့်နိုင်ငံ (Kingdom of Yugoslavia) ကို ပူးတွဲတည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတယူဂိုဆလားဗီးယားနိုင်ငံ (Socialist Federal Republic of Yugoslavia|Second Yugoslavia) ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၁တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကြေညာခဲ့သည်။

ခရိုအေးရှားသည် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပကောင်စီ၊ နေတိုး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ နှင့် CEFTA တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်အတွက် လျှောက်ထားဆဲ ဖြစ်သည်။ မြေထဲပင်လယ်သမဂ္ဂ (Union for the Mediterranean) ၏ စတင်တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ စီးပွားရေးတိုးတက်မှုမြင့်မားသောနိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ ဝင်ငွေမြင့်မားသောနိုင်ငံအဖြစ်လည်းကောင်း သတ်မှတ်ထားသည်။

ရုရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ကျင်းပခဲ့သော ၂၁ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ခရိုအေးရှားအသင်း သည် အသင်းငယ်လေးပင် ဖြစ်လင့်ကစား အသင်းကြီးများကို ကျော်ဖြတ်ကာ ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ၌ ပြင်သစ်အသင်းကို ၄ ဂိုး-၂ ဂိုး ဖြင့် အရေးနိမ့်ကာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံသည် ဥရောပတိုက်အလယ်ပိုင်းတွင် ရှိသောနိုင်ငံတခုဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၅၇၀၂၁ စတုရန်း ကီလိုမီတာရှိသည်။ အိမ်နီးချင်းနိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ၎င်းတို့မှာ ဩစတြီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ လူဇင်ဘတ်နိုင်ငံ၊ နယ်သာလန်၊ ပိုလန် နှင့် ဆွစ်ဇာလန်နိုင်ငံ တို့ဖြစ်ကြသည်။ ပြည်နယ်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်၍ မြို့တော်မှာ ဘာလင် ဖြစ်သည်။ မိုးလေဝသအခြေအနေမှာ မကြာခဏပြောင်းလဲလေ့ရှိပြီး အဓိကအားဖြင့် အနောက်လေများတိုက်ခိုက်သည့် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုဖြစ်သည်။

၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပြည်နယ်တစ်ခုစီတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ပါလီမန်နှင့် အစိုးရအဖွဲ့တို့ရှိသည်။ ပြည်ထောင်စု အစိုးရက နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ဘွန်းဒတ်စ်ရတ်ခေါ် ပြည်သူ့လွှတ်တော်မှ တဆင့်ပြည်နယ်များသည် ပြည်ထောင်စုအဆင့်တွင်ကိုယ်စားပြုပြီး ပြည်ထောင်စုဥပဒေပြုအဖွဲ့တွင်ပါဝင်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။

အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ လက်ရှိလူဦးရေမှာ ၈၂.၃ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ၅၃ သန်းနီးပါးရှိ၍ မွတ်စလင် ၃.၃ သန်း၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ လူဦးရေ၏ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။

ဂျာမနီသည် လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မူ့တန်ဖိုးမှာ ၂၀၀၄ ခုနှစ်စာရင်းအရ ၂၂၁၆ ဘီလျံ ရှိသည်။ကမ္ဘာ့ ထိပ်တန်းကုန်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ၂၀၀၇ ခုနှစ်တွင်ယူရို ၉၆၉ ဘီလျံထိရှိလာခဲ့သည် ။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အာကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။

ဆလိုဗားကီးယားနိုင်ငံ

ယခင်ချက်ကိုဆလိုဗားကီးယား သမ္မတနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သော ယခုဆလိုဗားကီးယားနိုင်ငံသည် မြောက်ဘက်၌ ပိုလန်နိုင်ငံ၊

အရှေ့ဘက်၌ ရူမေးနီးယားနိုင်ငံ၊ တောင်ဘက်၌ ဟန်ဂေရီ၊

အနောက်ဘက်၌ မိုရေးဗီးယားနိုင်ငံတို့ဖြစ်သည်။ အကျယ်အဝန်း

အားဖြင့် စတုရန်မိုင် ၁၈၉၂၁ မိုင်ရှိ၍၊ လူဦးရေ ၃၅ဝဝဝဝ

ခန့်ရှိသည်။ ဆလိုဗားကီးယား၊ အရှေ့ဘက်အစွန်နှင့် အနောက်

ဘက်အစွန်တို့မှတစ်ပါး ကျန်နေရာများတွင် တောတောင်ထူထပ်သည်။

မြေနိမ့်လွင်ပြင်များတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြ၍

တောင်တန်းဒေသတွင် သစ်ခုတ်ခြင်းနှင့် သိုးဆိတ်မွေးမြူခြင်း

တို့ကို လုပ်ကိုင်ကြသည်။ မြို့တော်မှာ ဗရတစ်ဆလားဗားဖြစ်၍၊

လူဦးရေမှာ ၁၉၄၇ ခုနှစ် သန်ကောင်စာရင်းအရ ၁၇၂၆၆၄

ယောက်ခန့်ရှိသည်။ ဆလိုဗက်လူမျိုးများမှာ ဆလဗအဆက်

အနွယ်များဖြစ်ကြ၍၊ ရှေးရိုးဓလေ့ထုံးစံများကို ရိုသေလေးစား

လိုက်နာတတ်ကြသည်။ လူများစုမှာ လယ်ယာလုပ်ငန်းကို

ပင်ပန်းကြီးစွာ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးမြူကြရသည်။

ဆလိုဗေးနီးယားနိုင်ငံ

ဆလိုဗေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ ဆလိုဗေးနီးယားသမ္မတနိုင်ငံ ဖြစ်ပြီး ဥရောပ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အယ်လ်ပ် တောင်တန်း နှင့် ထိစပ်လျှက် ရှိသလို မြေထဲပင်လယ်နှင့်လည်း ထိစပ်လျှက် ရှိသည်။ အနောက်ဘက်တွင် အီတလီနိုင်ငံ၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ခရိုအေးရှားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ မြောက်ဘက်တွင် ဩစတြီးယားနိုင်ငံ တို့နှင့် ထိစပ်လျှက် ရှိပြီး အေဒရီယေးတစ် ပင်လယ်နှင့် ထိစပ်နေသော ကမ်းရိုးတန်း မိုင်အနည်းငယ်မျှ လည်း ရှိသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၇,၈၂၇ မိုင် (၂၀,၂၇၃ စတုရန်းကီလိုမီတာ) မျှ ရှိပြီး လူဦးရေမှာ ၂.၀၅ သန်းမျှ ရှိသည်။

ဆိုက်ပရပ်စ်နိုင်ငံ

ဆိုက်ပရပ်စ် (Cyprus) နိုင်ငံ၏ တရားဝင်အမည်မှာ ဆိုက်ပရပ်စ်သမ္မတနိုင်ငံ ဖြစ်သည်။ မြေထဲပင်လယ်အရှေ့ပိုင်းရှိ ယူရေးရှန်းကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။ တူရကီနိုင်ငံ၏တောင်ဘက် မိုင် ၄ဝ အကွာ၊ ဆီးရီးယားနိုင်ငံ ၏ အနောက်ဘက် မိုင် ၆၀ အကွာ နှင့် လက်ဘနွန်နိုင်ငံ၏အနောက်ဘက်တွင် တည်ရှိသည်။ ယင်းသည် မြေထဲပင်လယ်အတွင်းတွင် တတိယမြောက်အကြီးဆုံးကျွန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှု အများဆုံးတိုင်းပြည်တစ်ခု ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက် ဝင်ငွေမြင့်ပြီး လူသားဖွံ့ဖြိုးမှုညွှန်းကိန်းလည်း မြင့်မားသော ဆိုက်ပရပ်စ်နိုင်ငံသည် ၂၀၀၄ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ဥရောပသမဂ္ဂသို့ မဝင်ရောက်မီအချိန်ထိ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ဘီစီ (၁၀,၀၀၀)ခန့်မှစ၍ ကျွန်းပေါ်တွင် လူသားများစတင်နေထိုင်ခဲ့ကြသည်။ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်ထားသော တွေ့ရှိချက်များအရ ကျောက်ခေတ်သစ် မှ Choirokoitia ကျေးရွာသည် သမိုင်းမတင်မီခေတ်ကတည်းက ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာတွေ့ရပြီး ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်အဖြစ် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသည်။ ထို့ပြင် ဘုရင်များ၏ အုတ်ဂူများကိုလည်း တွေ့ရှိထားသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ရေတွင်းများ ရှိသော တိုင်းပြည်လည်း ဖြစ်သည်။ ကြောင်မျိုးနွယ်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရှေးအကျဆုံး မွေးမြူကြောင်း အထောက်အထားကိုလည်း တွေ့ရှိထားသည်။ အရှေ့အလယ်ပိုင်းဒေသ၊ မဟာဗျူဟာကျသောနေရာတွင် တည်ရှိနေသော ဆိုက်ပရပ်စ်နိုင်ငံသည် သမိုင်းတစ်လျှောက် အင်အားကြီးနိုင်ငံတို့၏ အကြိမ်ကြိမ် ဝင်ရောက်ဆိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ဟစ်တိုက်(Hittites)၊ အဆီးရီးယန်း၊အီဂျစ် ၊ ပါရှန်း၊ ရပ်ရှီဒွန်းစ် (Rashiduns)၊ ဥမေယဒ်စ် (Umayyads)၊ လူဆစ်နန် (Lusignans)၊ ဗင်းနက်ရှန်း (Venetians) နှင့် အော့တမန် အင်ပိုင်ယာတို့ ဖြစ်ကြသည်။ မိုင်ဆီးနီးယန်း ဂရိလူမျိုးစုများ ဘီစီ (၂၀၀၀)တွင် ဝင်ရောက် အခြေချနေထိုင်လာပြီးနောက်တွင် ဆိုက်ပရပ်စ်သည် ဂရိမင်းဆက်များဖြစ်ကြသော တော်လမီ နှင့် ဘိုင်ဇန်တိုင်း အင်ပါယာတို့၏ လက်အောက်တွင်လည်း နေခဲ့ရဖူးသည်။ ဘီစီ (၃၃၃)တွင် မဟာအလက်ဇန္ဒား က ပါရှန်းတို့လက်မှ သိမ်းပိုက်လိုက်ပြန်သည်။ ၁၅၇၀တွင် တူရကီအော့တမန် အင်ပိုင်ယာက အောင်နိုင်ခဲ့ပြီး ရာစုနှစ် (၃)ခုကျော်မျှ သိမ်းပိုက်ခဲ့သည်။ ၁၈၇၈တွင် ဗြိတိသျှတို့လက်အောက်ကျရောက်ခဲ့ပြီး ၁၉၆၀တွင် လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တစ်နှစ်တွင် ဓနသဟာယအဖွဲ့ ၏အဖွဲ့ဝင်ဖြစ်လာသည်။

နိုင်ငံတွင်း မငြိမ်မသက်မှုများ၊ အကြမ်းဖက်မှုများ နှင့် အာဏာသိမ်းရန်ကြိုးပမ်းမှုများကြောင့် ၁၉၇၄တွင် တူရကီနိုင်ငံက ဆိုက်ပရပ်စ်မြောက်ပိုင်းကို ကျူးကျော် သိမ်းပိုက်ခဲ့ပြန်သည်။ လူထုအတွင်း အဓိကရုဏ်းများဖြစ်ပွားခြင်းနှင့် တူရကီ၏ ဝင်ရောက် သိမ်းပိုက်ခြင်းများကြောင့် မြောက်ပိုင်းဆိုက်ပရပ်စ်သားတို့သည် သီးခြားနိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်လာကြသည်။ ယင်းအဖြစ်အပျက်မှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေဆဲ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်သည်။

ဆိုက်ပရပ်စ်သမ္မတနိုင်ငံ၏တရားဥပဒေအရ ပိုင်နက်နယ်မြေမှာ ဆိုက်ပရပ်စ်ကျွန်းတစ်ကျွန်းလုံးနှင့် ဝန်းကျင်ရေပိုင်နက်များ ဖြစ်သည်။ သို့သော် စာချုပ်အရ ဗြိတိသျှ စစ်အခြေစိုက်စခန်းများ ထားရှိသော Akrotiri နှင့် Dhekelia နေရာများလည်း ရှိသည်။ ယင်းနေရာများကိုမူ ဗြိတိသျှအချုပ်အခြာပိုင်နေရာအဖြစ် သတ်မှတ်ထားသည်။ ဆိုက်ပရပ်စ်သမ္မတနိုင်ငံသည် လက်ရှိအခြေအနေအရ ကျွန်းတစ်ခုလုံး၏ ၅၉% ကို ပိုင်ဆိုင်သည်။ ကျန်သော နိုင်ငံမြောက်ပိုင်းမှ နယ်မြေများမှာ တူရကီ၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေသည်။ ယင်းဆိုက်ပရပ်စ် မြောက်ပိုင်းဒေသသည်လည်း မြောက်ပိုင်းဆိုက်ပရပ်စ်တူရကီသမ္မတနိုင်ငံ ဟု ကြေညာထားပြီး လက်ရှိအနေအထားတွင် တူရကီနိုင်ငံ တစ်ခုတည်းကသာ အသိအမှတ်ပြုထားသည်။

ကျွန်း၏ အလျားမှာ ၁၄၅ မိုင်ခန့် ရှည်၍ အနံ မိုင် ၆ဝ ခန့်ရှိ၏။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၃၅၇၂ ရှိသည်။တောင်ဖက်ပိုင်းနှင့် မြောက်ဖက်ကမ်းခြေတွင် တောင်တန်းများ ရှိသည်။ တစ်နှစ်လုံး ပေါက်ရေရသော မြစ်ချောင်းဟူ၍ မရှိချေ။ ဆည်မြောင်များ ဖောက်ထားသော ဒေသများတွင် ဂျုံ၊ မုယောစပါး၊ ဝါ၊ သံလွင် ပင်များ စိုက်ပျိုးကြ၏။ စပျစ်ခြံများ ရှိ၍ စပျစ်သီးခြောက်နှင့် အရက်များ ထွက်သည်။ ယင်းတို့ကို နိုင်ငံခြားသို့ တင်ပို့သည်။ သိုးနွားများ မွေးမြူကြ၏။ ရှေးအခါက ကြေးနီ အမြောက် အမြား ထွက်ခဲ့ဘူးသည်ကို အစွဲပြု၍ ကျွန်း၏ အမည်ကို

ဆိုက်ပရပ်စ်ဟု ရှေးက ဂရိတို့ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်ပရပ်စ်ဟူသော စကား၏ ဇာစ်မြစ်မှာ ကြေးနီဟူ၏။

ကျွန်းအလယ်ရှိ လွင်ပြင်မှာ ရှေးအခါက သစ်တောကြီးများ ဖုံးလွှမ်းလျက် ရှိခဲ့ဘူး၍ ပင်လယ်ခရီးသွားခြင်း၌ ထင်ရှား ခဲ့သော ဖိုနီးရှန်တို့သည် ထိုသစ်တောများမှရသော သစ်သား များဖြင့် လှေ၊ သင်္ဘောများ တည်ဆောက်ကာ ပင်လယ်ခရီး သွားကြ၏။ ဆိုက်ပရပ်စ်ကျွန်းမှ ရရှိသော သတ္တုများမှာ ကြေးနီ၊ သဲကျောက်၊ ထုံးကျောက်၊ နှမ်းဖတ်ကျောက်၊ ကျောက်ဖြူနှင့် ကျောက်ဂွမ်းများ ဖြစ်လေသည်။

ဆွီဒင်နိုင်ငံ

ဆွီဒင်နိုင်ငံ (တရားဝင်အခေါ်အားဖြင့် ကင်းဒမ်းအော့ဖ် ဆွီဒင်) သည် မြောက်ဥရောပရှိ စကင်ဒီနေးဗီးယန်းကျွန်းဆွယ်တွင်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆွီဒင်နိုင်ငံသည် နော်ဝေနိုင်ငံ ၊ ဖင်လန်နိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိပြီး ဒိန်းမတ်နိုင်ငံနှင့် အိုရီဆန်ရေလက်ကြားမှတဆင့် တံတားဖြင့် ဆက်သွယ်ထားသည်။

၄၅၀,၂၉၅ စတုရန်း ကီလိုမီတာ (၁၇၃,၈၆၀ စတုရန်းမိုင်) ရှိသဖြင့် ဆွီဒင်သည် ဥရောပ သမဂ္ဂ တွင် ဧရိယာအနေဖြင့် တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၉.၄ သန်း ရှိသည်။ ဆွီဒင်တွင် လူဦးရေသိပ်သည်းမှု လျော့နည်းပြီး စတုရန်းကီလိုမီတာ တစ်ကီလိုမီတာတွင် ၂၁ ယောက် ( ၁ စတုရန်းမိုင်လျှင် ၅၄ ယောက်) မျှသာ နေထိုင်သည်။ လူဦးရေသိပ်သည်းမှုသည် နိုင်ငံ၏တောင်ဘက်ခြမ်းတွင် ပို၍ များသည်။ ၈၅ ရာခိုင်နှုန်းသော သူတို့သည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဆွီဒင်၏မြို့တော်ဖြစ်သော စတော့ဟုမ်းမြို့တွင် လူဦးရေ ၁.၃ သန်းမျှ ရှိပြီး ဆွီဒင်၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။

ဆွီဒင်နိုင်ငံသည် လွတ်လပ်ပြီး စည်းလုံးသောနိုင်ငံအဖြစ် အလယ်ခေတ်ကတည်းက ပေါ်ပေါက်လာခဲ့သည်။ ၁၇ ရာစု အတွင်းတွင် ဆွီဒစ်ရှ် အင်ပိုင်ယာကို ထူထောင်ရန်အတွက် နိုင်ငံ၏ နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။ အင်ပိုင်ယာသည် ဥရောပတွင် တန်ခိုးကြီးထွားသော အင်ပိုင်ယာတစ်ခု အဖြစ် ၁၇ ရာစု အတွင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ကြီးထွားလာခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အတွင်းတွင် စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်ပြင်ပတွင် သိမ်းပိုက်ထားသော နယ်မြေ အများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ယနေ့ခေတ် ဖင်လန်နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံ အရှေ့ပိုင်းကို ၁၈၀၉ တွင် ရုရှားတို့ထံသို့ ဆုံးရှုံးခဲ့ရသည်။ ဆွီဒင်အနေနှင့် နောက်ဆုံးပါဝင် ပတ်သက်ခဲ့သော စစ်ပွဲမှာ ၁၈၁၄ ခုနှစ်တွင် ဖြစ်ပြီး ဆွီဒင် အနေနှင့် စစ်အင်အားကို အသုံးပြု၍ နော်ဝေကို ပြည်ထောင်စုအဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်မှစ၍ ဆွီဒင်သည် ငြိမ်းချမ်းသောနိုင်ငံဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးကာလတွင် ဘက်မလိုက် ဝါဒကို ကျင့်သုံးပြီး စစ်ပွဲကာလတွင် မည်သူ့ဘက်မှ မပါဝင်ဘဲ နေခဲ့သည်။ ဆွီဒင်သည် ၁၉၉၅ ဇန်နဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး OECD အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ဆွီဒင်သည် စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး အလွန်တိုးတက်သော စီးပွားရေးအခြေအနေ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဒီမိုကရေစီကိန်းညွှန်းတွင် စတုတ္တနေရာ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရပြီး ကုလသမဂ္ဂ၏ လူထုဖွံ့ဖြိုးမှုကိန်းညွှန်းတွင် နံပါတ် ၉ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၀ တွင် ဆွီဒင်သည် ဥရောပသမဂ္ဂအတွင်း အဆင့်အမြင့်ဆုံး တီထွင်ထုတ်လုပ်နိုင်မှုနှင့် အမြန်ဆုံးစီးပွားရေး တိုးတက်မှု တို့ ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဆွီဒင်အား ကမ္ဘာပေါ်တွင် ဒုတိယမြောက် ပြိုင်ဆိုင်မှု အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ ဆွီဒင်သည် အချို့သော နယ်ပယ်များတွင် စက်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူအဖြစ် သတ်မှတ်ခြင်း ခံရသည်။

ဒိန်းမတ်နိုင်ငံ

ဒိန်းမတ်နိုင်ငံ (ရုံးသုံးဘာသာစကားဖြင့် ကင်းဒမ်းအော့ဖ်ဒိန်းမတ်) တွင် ဂရင်းလန်းနှင့် ဖာရိုးကျွန်းစုများ ပါဝင်ပြီး ဥရောပမြောက်ပိုင်းတွင် ရှိသော စကင်ဒီနေးဗီးယန်းနိုင်ငံ ဖြစ်သည်။ နော်ဒစ်နိုင်ငံများတွင် တောင်ဘက် အကျဆုံးဖြစ်ပြီး ဆွီဒင်နိုင်ငံ၏ အနောက်တောင်ဖက်၊ နော်ဝေနိုင်ငံ၏ တောင်ဖက်နှင့် ဂျာမနီနိုင်ငံ၏ မြောက်ဖက်တွင် တည်ရှိသည်။ ဒိန်းမတ်နိုင်ငံသည် ဘော်လတစ်ပင်လယ်နှင့် မြောက်ဖက်ပင်လယ်တို့နှင့်လည်း ထိစပ်လျှက် ရှိသည်။

ပမာဏအားဖြင့် ငယ်ပင်ငယ်သော်လည်း သမဝါယမနည်းစံနစ်အရ ကြီးပွားထွန်းကားလျက်ရှိသော နိုင်ငံကား ဥရောပတိုက်၏

အနောက်မြောက်ပိုင်း ဂျတ်တလန် (Jutland) (ဒိန်းမတ်အမည် Jylland ယုလန်) ကျွန်းဆွယ် တခုလုံးပါဝင်သည့် ဒိန်းမတ်နိုင်ငံပင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဂျတ်တလန် ကျွန်းဆွယ်နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ ဖူနင် (Funen) (ဒိန်းမတ်အမည် Fyn ဖျွန်း၊ ဇီးလန် (Zealand) (ဒိန်းမတ်အမည် Sjælland ရှေးလန်) စသော ကျွန်းငယ်ကလေးများ ပါဝင်၍ နိုင်ငံ၏ အစုစုဧရိယာမှာ ၁၆၅၇၅

စတုရန်းမိုင် ကျယ်ဝန်းသည်။ ထိုကျွန်းစုများသည် ဆွီဒင်နှင့် ဂျာမနီနိုင်ငံအကြားတွင် တည်ရှိ၍ အနောက်ဘက်တွင် မြောက်ပင်လယ်၊

အရှေ့ဘက်တွင် ဘောလတစ်ပင်လယ်တို့ ကာစီးဝိုင်းရံလျက်ရှိ၏။ အထူးအားဖြင့် ဂျတ်တလန်ကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းခြေသည်

မြေဩဇာကောင်းသောလယ်မြေနှင့် သာယာစိုပြေသော သစ်တောများနှင့် ပြည့်စုံ၍၊ ညီမျှသောရာသီဥတုရှိ၏။ အနောက်ဘက်ကမ်းခြေ၌မူ

သဲသောင်ကုန်းများ၊ နွံအိုင်များ၊ မြက်တောများနှင့် သစ်ပင်မပေါက်သော မြေကွက်များရှိလေသည်။ သတ္တုဟူ၍ မထွက်သလောက်

ဖြစ်သော်လည်း အိုးခွက်ဖုတ်ရန် ရွှံစေးပေါများသည်။ ကျွန်းဆွယ်တခု ဖြစ်သည့်အတိုင်း နံဘေးပတ်လည်တွင် ပင်လယ်များ ဝိုင်းရံလျက်

ရှိရုံမျှမက ဖျော့ (fjord) ခေါ် ရေမြောင်ကြားများကလည်း ကုန်းအတွင်းသို့ အတော်ပင်ရောက်အောင် ထိုးဝင်လျက်ရှိရကား၊ ငါးဖမ်းရန်အတွက်

အလွန်အကွက်ကောင်းသဖြင့် လူတို့သည် ငါးဖမ်းခြင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြလေသည်။ တိုင်းပြည်၏ ၈၀ ရာခိုင်နှုန်းမျှသောမြေကို ထွန်ယက်စိုက်ပျိုးနိုင်၍ အစိုးရက မြေပိုင်ရှင်စံနစ်ကို အားမပေးသဖြင့် လယ်မြေအားလုံးမှာ

လယ်ပိုင်ရှင်ကလေးများ လက်ထဲတွင် တည်ရှိသည်။ ထိုကြောင့် တိုင်းပြည်အတွင်း ဆင်းရဲလွန်းသူ၊ ချမ်းသာလွန်းသူ ဟူ၍ မရှိဘဲ

ညီညီမျှမျှရှိလေသည်။ ဒိန်းမတ်နိုင်ငံတွင် ငါးလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားအရေးကြီးသော လုပ်ငန်း

တခုမှာ နွား၊ ကြက်၊ဝက် မွေးမြူသောလုပ်ငန်းဖြစ်ရာ နွားနို့၊ မလိုင်၊ ဒိန်ခဲ၊ ဝက်သားနှင့် ကြက်ဥအမြောက်အမြားကို ဂရိတ်ဗြိတိန်နှင့်

ဂျာမနီနိုင်ငံများသို့ အမြဲမပြတ် တင်ပို့ရသည်။ တိုင်းပြည်၏ အသက်သွေးခဲလုပ်ငန်းများတွင် လောကဓာတ် နည်းစံနစ်များ အသုံးပြုရန်

အစိုးရက အားပေးလေသည်။ ဤလုပ်ငန်းများကို သမဝါယမစံနစ်ဖြင့် လုပ်ကိုင်ကြရာ၊ သမဝါယမအသင်းများကို အနှံ့အပြား ဖွဲ့စည်းထား၍

တောင်သူလယ်သမားတိုင်း အသင်းသားများဖြစ်ကြသည်။ သားသတ်ရုံကို သမဝါယမစံနစ်ဖြင့် အုပ်ချုပ်၏။ လယ်လုပ်

ရာတွင် လိုသောပစ္စည်းများ၊ ကရိယာတန်ဆာပလာများကိုဝယ်ရန် သမဝါယမအသင်းများရှိ၏။ သမဝါယမဘဏ်လည်း

ရှိ၏။ လယ်သမားများကို လေဘေးရေဘေးမှ ကာကွယ်ရန်အလို့ငှာ သမဝါယမအာမခံအသင်းများ ဖွဲ့စည်းထား၏။

ဗဟိုဓာတ်အားပေးရုံများအပြင် သမဝါယမလျှပ်စစ်ဓာတ်မီးရုံများလည်း ရှိသည်။ သမဝါယမလုပ်ငန်းများ၌ မည်သည့်

နေရာကမျှ လိုလေသေးသည် ဟူ၍မရှိသောကြောင့် ဒိန်းမတ်နိုင်ငံသည် သမဝါယမစံနစ်၌ ကမ္ဘာကျော်ဖြစ်လေသည်။

ဤကဲ့သို့ များလှစွာသော သမဝါယမအသင်းများကို ဒိန်းမတ်နိုင်ငံဗဟို သမဝါယမကော်မတီက ကြီးမှူးအုပ်ချုပ်ထားလေသည်။

ဤသို့ သမဝါယမနည်းဖြင့် စံနစ်တကျလုပ်ကိုင်သဖြင့် ဒိန်းမတ်တောင်သူလယ်သမားတို့၏ နေမှုထိုင်မှုမှာ အတော်

အဆင့်အတန်းမြင့်၍ လာခဲ့လေသည်။ အဆင့်အတန်း အလွန်ကွာသော လူအတန်းအစားမရှိ။ အခြားနိုင်ငံများ ရင်ဆိုင်ရသော

သီးစားပြဿနာဟူ၍မရှိဘဲ လယ်လုပ်ခများကို ကောင်းစွာရကြလေသည်။

ဒိန်းမတ်နိုင်ငံသားများကို ဒိန်းလူမျိုးခေါ်ကြရာ ဒိန်းတို့မှာ သန်မာတောင့်တင်းသောလူမျိုးဖြစ်၍ ကစားခုန်စား ဝါသနာပါပြီးလျှင်

ကမ္ဘာကျော်ရေကူးသမားများလည်း ဖြစ်ကြလေသည်။ လုံ့လဝီရိယရှိ၍ အလုပ်ကို ကြိုးပမ်းလုပ်သူများဖြစ်သည့်အတိုင်း

အစားအသောက်ကောင်းကောင်းကို နှစ်သက်ကြ၏။ ပေါင်းသင်းဆက်ဆံရာ၌ လူအတန်းအစားမရွေးဘဲ ယဉ်ကျေးဖော်ရွေစွာ

ဆက်ဆံတတ်ကြ၏။ ဒိန်းမတ်နိုင်ငံတွင် ပညာကို အလွန်မြတ်နိုး၍ ပညာသင်ကြားရေးကို အထူးအားပေးကြ၏။ ၁၈၁၄ ခုမှစ၍ မူလတန်းပညာကို မသင်မနေရ

ပြုလုပ်ထား၏။ အထက်တန်းကျောင်းများအပြင် စက်မှုပညာသင်ကျောင်း၊ ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း၊ ဆရာဖြစ်သင်

ကျောင်း၊ လူကြီးများအတွက် စိုက်ပျိုးရေးကျောင်း စသည်ဖြင့် သက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားသည့်ကျောင်း မြောက်မြား

စွာရှိသည်။ ကိုပင်ဟေဂင်မြို့တော်နှင့် အောဟု(စ်) မြို့များတွင် တက္ကသိုလ်ကျောင်းများရှိ၏။ အမျိုးသမီးများ မဲဆန္ဒပေးခွင့်နှင့်

လွှတ်တော်အမတ်အဖြစ် အရွေးခံနိုင်ခွင့်ရှိသည်။ အမျိုးသမီးတို့သည် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သော အရည်အချင်းလည်းရှိ၍

ကိုယ်ပိုင်အလုပ်များ ကိုယ်စီရှိကြလေရာ အလုပ်ချိန်တွင် ယင်းတို့၏ကလေးများကို စောင့်ထိန်းရန် အလို့ငှာ ကလေးများ ဂေဟာတို့ကို

နိုင်ငံနှင့် အဝှန်းတည်ထောင်ထားကြသည်။

ဒိန်းလူမျိုးတို့ကား တခါက ဥရောပမြောက်ပိုင်း၌ အတော်ပင်တန်ခိုးအာဏာကြီးခဲ့သော လူမျိုးတမျိုးဖြစ်ပြီးလျှင် ထိုအခါက သူတို့သည်

မြောက်ဥရောပကမ်းခြေနှင့် အင်္ဂလန်ကျွန်းရှိ ဆိပ်ကမ်းမြို့ရွာများကို တိုက်ခိုက်လုယက်လေ့ရှိကြ၏။ ဒိန်းဘုရင်များတွင် တန်ခိုးအကြီးဆုံးမှာ

ကနွတ်ဘုရင်ဖြစ်၍ တခါက အင်္ဂလန်၊ ဒိန်းမတ်နှင့် နော်ဝေးပြည်များကို အုပ်စိုးခဲ့ဘူးလေသည်။ ကနွတ်ဘုရင်သည် နှစ်အနည်းငယ်သာ နန်းစံ

ရသော်လည်း ဒိန်းတို့သည် ၁၃ ရာစုအထိ ဥရောပမြောက်ပိုင်းတွင် အတော်တန်ခိုးကြီးခဲ့ကြ၏။ ဘောလတစ်ပင်လယ်တဝိုက်တွင် ဟန်ဆီ

အက်တစ်အဖွဲ့၏ အာဏာပျံ့နှံ့လာသောအခါမှ အနည်းငယ် တန်ခိုးမှေးမှိန်သွားလေသည်။ ၁၃၉၇ ခုနှစ်တွင် ဒိန်းမတ်ဘုရင်မ မာဂရက်

လက်ထက်၌ ဒိန်းမတ်၊ ဆွီဒင်နှင့် နော်ဝေး ၃ နိုင်ငံပူးပေါင်း၍ ခုခံတိုက်ခိုက်သောအခါမှာမှ ဟန်ဆီအက်တစ်အဖွဲ့၏ရန်အေးသွားလေသည်။

၁၈၁၅ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံက နပိုလီယန်ကို ကူညီသည်ဆိုကာ ဗီယင်နာအစည်းအဝေးကြီး၌ နော်ဝေးက ဆွီဒင်နှင့်ပူးပေါင်းလိုက်ရာ

ဒိန်းမတ်နိုင်ငံမှာ ထီးတည်းကျန်ရစ်တော့၏။ ၁၈၆၄ ခုနှစ်တွင် ပရပ်ရှားနှင့် ဩစတြီးယားတို့က တိုက်ခိုက်သဖြင့် ဒိန်းမတ်နိုင်ငံမှာ ရှလဇွပ် - ဟိုင်စတိုင်

(Schleswig - Holstein) နယ်များ ဆုံးရှုံးသွားရ၏။ သို့သော် ပထမကမ္ဘာစစ်ပြီးသောအခါ ရှလဲဇွစ်နယ်မြောက်ပိုင်းကိုပြန်ရခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း၌

ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့သိမ်းပိုက်ထား၍ ၁၉၄၅ ခုမေလ ၅ ရက်နေ့ကျမှ လွတ်မြောက်သွားလေသည်။ ယခုအုပ်စိုးလျက်ရှိသော

ဘုရင်မှာ ၁၉၄၇ ခုတွင် နတ်ရွာစံခဲ့သည့် ဒဿမခရစ်စတီယန်ဘုရင်၏ အရိပ်အရာကို ဆက်ခံခဲ့သည့် နဝမဖရက်ဒရစ်ဘုရင် ဖြစ်သည်။

ဒိန်းမတ်နိုင်ငံ လူဦးရေမှာ ၂၀၀၉ သန်းခေါင်စာရင်းအရ ငါးသန်းငါးသိန်းကျော်ရှိသည်။ ။

နယ်သာလန်နိုင်ငံ

နယ်သာလန်နိုင်ငံသည် ဥရောပတိုက်ရှိ၊ စည်းမျဉ်းခံဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံငယ်လေးတခု ဖြစ်၏။ ယင်းနယ်သာလန်နိုင်ငံကို

ဟော်လန်နိုင်ငံ၊ နိုင်ငံသားတို့ကို ဒတ်ချ်လူမျိုးဟု ခေါ်သည်။

နယ်သာလန်နိုင်ငံသည် ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဘယ်လ်ဂျီယမ်နိုင်ငံမြောက်ပိုင်းအကြား၊ မြောက်ပင်လယ်ကမ်းခြေပေါ်တွင်

တည်ရှိ၍ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၅၇၆၅ ရှိသည်။

ပိုလန်နိုင်ငံ

ပိုလန်နိုင်ငံ (တရားဝင်အခေါ်အားဖြင့် ပိုလန်သမ္မတနိုင်ငံ) သည် ဥရောပအလယ်ပိုင်းတွင် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်ဘက်တွင် ဂျာမနီနိုင်ငံ၊ တောင်ဘက်တွင် ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံ ၊ အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံ၊ ဘီလာရုဇ်နိုင်ငံ နှင့် လစ်သူယေးနီးယားနိုင်ငံ၊ မြောက်ဘက်တွင် ဘော်လကန်ပင်လယ်၊ ရုရှားနိုင်ငံမှ ကာလီနင်ဂရင် အုပ်ချုပ်ရေးဒေသ တို့ တည်ရှိကြသည်။ ဧရိယာ အကျယ်အဝန်းမှဦ ၃၁၂,၆၇၉ စတုရန်း ကီလိုမီတာ (၁၂၀,၇၂၆ စတုရန်းမိုင်) ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၆၉ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ကာ ဥရောပတွင် နဝမမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ပိုလန်တွင် လူဦးရေ ၃၈ သန်းမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် ၃၄ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ တွင် ဆဋ္ဌမမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ ကွန်မြူနစ်စနစ် အလွန် နိုင်ငံများတွင် လူဦးရေ အများဆုံးသော နိုင်ငံလည်း ဖြစ်သည်။

ပေါ်တူဂီနိုင်ငံ

ပေါ်တူဂီနိုင်ငံ (တရားဝင် အခေါ်အားဖြင့် ပေါ်တူဂီ သမ္မတနိုင်ငံ) သည် ဥရောပ အနောက်တောင်ပိုင်း အိုင်ဘေးရီးယန်းကျွန်းဆွယ် ပေါ်တွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ပေါ်တူဂီသည် ဥရောပ၏ အနောက်ဘက် အကျဆုံး နိုင်ငံဖြစ်သည်။ အနောက်ဘက်နှင့် တောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၊ အရှေ့ဘက်နှင့် မြောက်ဘက်တွင် စပိန်နိုင်ငံ တို့က ဝိုင်းရံထားသည်။ အတ္တလန္တိတ် ကျွန်းစုများ ဖြစ်ကြသော အာဇိုး နှင့် မဒရီရာ တို့သည် ပေါ်တူဂီနိုင်ငံ၏ တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည်။

ပြင်သစ်နိုင်ငံ

ပြင်သစ် (အင်္ဂလိပ်: France) တရားဝင်အမည်အားဖြင့် ပြင်သစ်သမ္မတနိုင်ငံ၏ ပင်မနယ်မြေသည် အနောက်ဥရောပတွင် တည်ရှိပြီး ပြင်သစ်နိုင်ငံပိုင်ဆိုင်သော အခြား ပင်လယ်ခြားကျွန်းစုများနှင့် နယ်မြေများသည် အခြားတိုက်ကြီးများပေါ်တွင် တည်ရှိသည်။ ပြင်သစ်၏ ပင်မနယ်မြေသည် မြေထဲပင်လယ်မှ အင်္ဂလိပ်ရေလက်ကြားနှင့် မြောက်ပင်လယ်အထိ၊ ရိုင်း(Rhine) မှ အတ္တလန္တိတ် သမုဒ္ဒရာအထိ တည်ရှိသည်။ ပြင်သစ်လူမျိုးများမှ ဆဋ္ဌဂံပုံသဏ္ဌန်ရှိသော ပြင်သစ်ကုန်းမကြီးကို L’Hexagone (The “Hexagon” သို့ ဆဋ္ဌဂံ) ဟု တခါတရံ ရည်ညွှန်း ခေါ်ဝေါ်ကြသည်။ ပြင်သစ်နိုင်ငံသည် ဗဟိုအစိုးရမှ ချုပ်ကိုင်ပြီး သမ္မတနှင့် ဝန်ကြီးချုပ်တို့ နှစ်ဦးစလုံး အာဏာရှိသော သမ္မတနိုင်ငံစနစ်ကို ကျင့်သုံးသည်။ ပြင်သစ်နိုင်ငံ၏ စံပြခံယူချက်များကို လူနှင့်နိုင်ငံသားတို့၏ အခွင့်အရေး ကြေငြာချက်တွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံကို ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဂျာမနီ ၊ ဆွစ်ဇာလန်၊ အီတလီ၊ မိုနာကို၊ အန်ဒိုရာ နှင့် စပိန်နိုင်ငံတို့က ဝန်းရံထားသည်။

ဘယ်လ်ဂျီယမ်နိုင်ငံ

ဘယ်လ်ဂျီယံနိုင်ငံ ၏ တရားဝင်အမည်မှာ ဘယ်လ်ဂျီယံ ဘုရင့်နိုင်ငံဖြစ်သည်။ အနောက်ဥရောပရှိ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခု ဖြစ်သည်။ ဥရောပသမဂ္ဂ ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသောတိုင်းပြည်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဥရောပသမဂ္ဂ၊ နေတိုး နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများစွာတို့အတွက် ဌာနချုပ်ရုံးများ တည်ရှိရာ တိုင်းပြည်လည်းဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၃၀၅၂၈ ကျယ်ဝန်းပြီး၊ လူဦးရေ စုစုပေါင်း ၁၀.၈သန်းခန့်ရှိသည်။ ဂျာမန်ယဉ်ကျေးမှုနှင့် လက်တင်ဥရောပ ယဉ်ကျေးမှုနှစ်ရပ်ကြားရှိနိုင်ငံဖြစ်သောကြောင့် ဘယ်လ်ဂျီယံသားတို့တွင် ဘာသာစကားမျိုးစုံ ပြောဆိုကြသည်။ အဓိကအားဖြင့် ဒတ်ခ်ျစကားပြော ဖလင်းမစ်ရှ်လူမျိုး နှင့် ပြင်သစ်စကားပြော ဝါလွန်း လူမျိုး တို့ဖြစ်ပြီး ဂျာမန်စကားပြောများလည်း အနည်းငယ်ရှိသေးသည်။ ဘယ်လ်ဂျီယံ၏ အကြီးဆုံးဒေသကြီးများမှာ ဒတ်ခ်ျစကားပြော ဖလင်းမစ်ရှ်လူမျိုးများနေထိုင်ရာ နိုင်ငံမြောက်ပိုင်းရှိ ဖလန်းဒါးစ်နယ် နှင့် ပြင်သစ်စကားပြော ဝါလွန်းလူမျိုးများနေထိုင်ရာ နိုင်ငံတောင်ပိုင်းရှိ ဝါလိုနီးယားနယ် တို့ဖြစ်ကြသည်။ မြို့တော်ဖြစ်သော ဘရပ်ဆဲလ်တွင် ပြင်သစ်စကားပြော ဖလင်းမစ်ရှ်လူမျိုးက အများစုဖြစ်သည်။ ဂျာမန်စကားပြော လူနည်းစုကမူ ဝါလိုနီးယားနယ်၏ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။ ဘယ်လ်ဂျီယမ်၏ ဘာသာစကားကွဲပြားမှုကြောင့် နိုင်ငံရေးနှင့်ယဉ်ကျေးမှုပဋိပက္ခများကို ဖြစ်ပေါ်စေပြီး အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံများမှာ အနည်းငယ် ရှုပ်ထွေးသည်။ ဘယ်လ်ဂျီယမ်ဟူသော ဝေါဟာရမှာ ဂယ်လီယာ ဘယ်လ်ဂျီကာ (Gallia Belgica) ဟူသော စကားလုံးမှ ဆင်းသက်လာခဲ့သည်။ ရောမအင်ပါယာခေတ်က မြောက်ဘက်အစွန်ဆုံးကျသော ဘယ်လ်ဂျေးလူမျိုးများ နေထိုင်ရာ ဂေါလ်နယ် ဖြစ်သောကြောင့် ယင်းသို့ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ဘယ်လ်ဂျေးလူမျိုးဟူသည်မှာ ဆဲ့လ်ထ် လူမျိုးနှင့် ဂျာမန်အနွယ် လူမျိုးများ သွေးနှောရာမှ ပေါက်ပွားလာခဲ့ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံ(၃)နိုင်ငံကို Low Countries ဟုခေါ်ဆိုခဲ့ကြသည်။ အလယ်ခေတ်အကုန်မှ ၁၇ရာစုနှစ်အတောအတွင်း ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးစည်ကားရာ ဒေသဖြစ်ခဲ့သည်။ ၁၆ရာစုနှစ်မှ ၁၈၃၀ ဘယ်လ်ဂျီယမ်တော်လှန်ရေး ကာလအထိ ယင်းဒေသတွင် ဥရာပမှ အင်အားကြီးနိုင်ငံတို့၏ စစ်မက်ဖြစ်ပွားရာ စစ်တလင်းပြင် ဖြစ်ခဲ့သည်။ ကမ္ဘာစစ်ကြီးနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ပိုတက်လာခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်တွင် စက်မှုတော်လှန်ရေးကို တက်ကြွစွာဆင်နွှဲခဲ့သည်။ ၂၀ရာစုခေတ်တွင် အာဖရိကတွင် ဘယ်လ်ဂျီယမ်ကိုလိုနီနယ်များ အများအပြားပိုင်ဆိုင်ခဲ့သည်။ ၂၀ရာစုနောက်ပိုင်းတွင် ယဉ်ကျေးမှု မတူခြင်းနှင့် ဖလန်းဒါးစ်နယ်၏ စီးပွားရေး မညီမျှခြင်းတို့ကြောင့် Flemings(ဖလင်းမစ်ရှ်) နှင့် Francophones(ပြင်သစ်စကား​​ပြော) တို့ကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ယင်းပဋိပက္ခများမှာ ယခုချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခင်က စည်းလုံးညီညွတ်ခဲ့သော ဘယ်လ်ဂျီယမ်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် အခက်အခဲများရှိနေစေသည်။

ဘူလ်ဂေးရီးယားနိုင်ငံ

ဘူလ်ဂေးရီးယားနိုင်ငံသည် ဥရောပတိုက်တောင်ပိုင်းရှိ ဘော်လကန်ကျွန်းဆွယ်တွင် တည်ရှိသည်။

အရှေ့ဘက်တွင် ပင်လယ်နက်၊ တောင်ဖက်တွင် ဂရိနိုင်ငံနှင့် တူရကီနိုင်ငံ အနောက်ဖက်တွင် ယူဂိုဆလားဗီးယားနိုင်ငံနှင့် မြောက်ဖက်တွင် ရူမေးနီးယားနိုင်ငံတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ရူမေးနီးယားနိုင်ငံနှင့် ဘူလ်ဂေးရီးယားနိုင်ငံကြားတွင် ဒန်ညုမြစ်က နယ်နိမိတ်သဖွယ် စီးဆင်းလျက်ရှိသည်။ ဘူလ်ဂေးရီးယားနိုင်ငံသည် ၄၂၈၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ မြန်မာနိုင်ငံအကျယ်အဝန်း၏ ၆ ပုံ ၁ ပုံ နီးနီးသာ ရှိသည်။ ခရစ်နှစ် ၆၀၀ ကျော်ခန့်က ယင်းဒေသတွင် လာရောက်နေထိုင်ကြသော တာတာလူမျိုးအနွယ် ဗူလဂါး လူမျိုးတို့အား အစွဲပြု၍ ဘူလ်ဂေးရီးယားနိုင်ငံဟုတွင်သည်။ ယခုအခါ ယင်းနိုင်ငံကို ဘူလ်ဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံတော်ဟုခေါ်ကြသည်။

ဘူလ်ဂေးရီးယားနိုင်ငံ၏ မြေမျက်နှာပြင်ကို ၄ ပိုင်းခွဲခြားထားနိုင်သည်။ မြောက်ပိုင်းတွင် ဒန်းညုမြစ် စီးဆင်းရာ ဒန်းညုမြစ်ဒေသ၊ အလယ်ပိုင်းတွင် ဘော်လကန်တောင်တန်းဒေသနှင့် တောင်ပိုင်းတွင် လွင်ပြင်ခေါ် မရစ်ဆမြစ်ဝှမ်းဒေသ၊ တောင်ပိုင်းတွင် ရော့ဒိုပဲ တောင်တန်းဒေသတို့ ဖြစ်ကြသည်။ ဗော်လကန်တောင်တန်းနှင့် ရော့ဒိုပဲတောင်တန်းတို့သည် အရှေ့မှ အနောက်သို့တန်းနေကြသည်။ ဘော်လကန်တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ်သည် အနောက်နှင့် အနောက်မြောက်ဖက်တွင် တည်ရှိ၍ ပေ ၁၀၀၀ ကျော်မြင့်သည်။ ရော့ဒိုပဲ တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ် မူဆာလာသည် ၉၅၉၅ ပေမြင့်သည်။ ပေ ၄၅၀၀ အထက်တောင်ကုန်းဒေသတွင် ထင်းရှူးနှင့် ဝက်သစ်ချပင်များ ပေါက်သော သစ်တောများရှိသည်။ ဘူဂေးရီးယားနိုင်ငံ၏ ထင်းရှားသော မြစ်ကြီးများမှာ ဒန်းညုမြစ်၊ မရစ်ဆမြစ်၊ တွန်ဒစာမြစ်၊ ယန်တြာမြစ်၊ အစ္စတာမြစ်၊ ကမ္မချိယမြစ်နှင့် အော့စမာမြစ်တို့ ဖြစ်ကြသည်။ များစွာသော မြစ်ငယ်များ၊ ချောက်ငယ်များတို့ကား ဒန်းညုမြစ်နှင့် မရဆစ်မြစ်တို့ထဲ့သို့ စီးဝင်ကြသည်။ ဘူလ်ဂေးရီးယားနိုင်ငံတွင် တောင်ကြားရေအိုင်ကလေးများမှ အပ ထင်ရှားသော ရေအိုင်ကြီးများ မရှိချေ။

မော်လတာနိုင်ငံ

မော်လတာနိုင်ငံ၏ တရားဝင်အမည်မှာ မော်လတာ သမ္မတနိုင်ငံဖြစ်ပြီး တောင်ဥရောပတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ မြေထဲပင်လယ် အတွင်းရှိ ကျွန်းစုတစ်ခု ပေါ်တွင် တည်ရှိပြီး စစ္စလီကျွန်း၏ တောင်ဘက် ၉၃ ကီလိုမီတာ၊ တူနီးရှားနိုင်ငံ၏ အရှေ့ဘက် ၂၈၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားမှာ အနောက်ဘက် ၁၈၂၆ ကီလိုမီတာ အကွာတွင် ရှိပြီး အလက်ဇန္ဒရီးယားမြို့မှာ အရှေ့ဘက် ၁၅၁၀ ကီလိုမီတာ အကွာတွင် ရှိသည်။

မော်လတာနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၀၀ မျှသာရှိသဖြင့် ကမ္ဘာပေါ်တွင် အငယ်ဆုံးနှင့် လူဦးရေ အထူထပ်ဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြို့တော်မှာ ဗယ်လက်တာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဘာကာကရာမြို့ ဖြစ်သည်။ ပင်မကျွန်းပေါ်တွင် မြို့ငယ်ပေါင်း မြောက်များစွာ ရှိပြီး ၎င်းတို့အားလုံး စုပေါင်း၍ မြို့ပြ ဧရိယာကြီး တစ်ခု အဖြစ် တည်ရှိသည်။ ယူရိုစတက် စာရင်းအရ ထိုနေရာတွင် လူဦးရေ ၃၆၈,၂၅၀ ရှိပြီး နိုင်ငံအတွင်းရှိ လူဦးရေ၏ အများစု ဖြစ်သည်။ နိုင်ငံအတွင်း မော်လတိစ် နှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာကို ရုံးသုံးဘာသာစကား အဖြစ် သုံးစွဲကြပြီး မော်လတိစ်ကို အမျိုးသား ဘာသာစကား အဖြစ် မှတ်ယူကြသည်။

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ

ဗြိတိသျှကျွန်းစု၏ ပူးပေါင်းထားသောနိုင်ငံ ဗြိတိသျှကျွန်းသည် ကမ္ဘာတွင် အရေးပါဆုံးသော ကျွန်းစုဖြစ်သည်။ တစ်ခေတ်က နေမဝင်နိုင်သော အင်ပိုင်ယာကြီးကို

ထိန်းချုပ်ခဲ့သည့် ကျွန်းစုကြီး ဖြစ်ပေသည်။ ယူနိုက်တက်ကင်းဒမ်းသည် ထိုကျွန်းစုကြီးတွင် ပါဝင်သော အင်္ဂလန်ပြည်၊ ဝေလပြည်၊ စကော့တလန်ပြည်၊ အိုင်ယာလန်ပြည်မြောက်ပိုင်းတို့၏ နိုင်ငံအဖြစ် ဖြစ်လေသည်။

လစ်သူယေးနီးယားနိုင်ငံ

လစ်သူယေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ လစ်သူယေးနီးယား သမ္မတနိုင်ငံ ဖြစ်ပြီး ဥရောပမြောက်ပိုင်းတွင် တည်ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဘောလတစ် နိုင်ငံ ၃ နိုင်ငံတွင် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ဘောလတစ်ပင်လယ်၏ အရှေ့မြောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိပြီး ဘောလတစ်ပင်လယ်ကို ဖြတ်၍ အနောက်ဘက်တွင် ဆွီဒင်နိုင်ငံ၊ နော်ဝေနိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံ တို့ တည်ရှိသည်။ မြောက်ဘက်တွင် လတ်ဗီယာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘီလာရုဇ်နိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ပိုလန်နိုင်ငံ တို့ တည်ရှိသည်။

အကျယ်အဝန်းမှာ ၂၅၁၇၄ စတုရန်းမိုင်ဖြစ်ပြီးလျှင် အရှည်ဆုံးနေရာတွင်မိုင် ၁၂ဝ ရှိ၍ အကျယ်ဆုံးနေရာတွင် မိုင် ၂၁ဝ ရှိသည်။ ပင်လယ်ကမ်းရိုးတန်းမှာ ၆ဝ မျှသာ ရှည်လျား၏။

လစ်သူယေးနီးယားနိုင်ငံသည် သစ်တောများ၊ အိုင်များ၊ ညွှန်ပျောင်း တောများ ထူထပ်သည်။ မြစ်၊ ချောင်း များစွာရှိသည့်အနက် အထင်ရှား ဆုံးမှာ နမူးနပ်(နီမန်း)မြစ် ဖြစ်၏။ လစ်သူယေးနီးယားနိုင်ငံ၏ ဆောင်းရာသီမှာ တာရှည်၍အေးလွန်းလှသည်။ ဆောင်းရာသီတွင် မြစ်၊ ချောင်းများ ရေခဲ၏။ နွေရာသီမှာမူ မပြင်းထန်လှဘဲ စိုက်ပျိုးဖြစ်ထွန်းအောင် မိုးအလုံအလောက် ရွာသွန်းသည်။

လစ်သူယေးနီးယားနိုင်ငံ၏အဓိကပင်ရင်း အခြေအမြစ်များမှာ ဩဇာ ထက်သန်သည့် မြေကြီးနှင့် သစ်တောများဖြစ်၏။ နိုင်ငံ၏ ငါးပုံတစ်ပုံမှာ သစ်တောများ ဖုံးလွှမ်းလျက်ရှိ၍ သစ်တောများတွင် ထင်းရှူးပင်၊ ဖားထင်း ရှူးပင်နှင့် ဘုဇပတ်ပင်များ ပေါက်ရောက်သည်။ လစ်သွေးနီးယားနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ လူဦးရေလေးပုံ သုံးပုံသည် စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိ၏။ သို့သော် နိုင်ငံ၏ထက်ဝက်ခန့်တွင်သာ စိုက်ပျိုးလုပ်ကိုင်နိုင်၍ ရိုင်းစပါး၊ မြစ်စားဂျုံ၊

မုယောစပါး၊ အာလူး၊ ဂျုံနှင့် ဘီသွာလျှော်တို့ကို စိုက်ပျိုး၏။ သိုး၊ နွား၊ ကြက်နှင့် ငန်းများကိုမွေးမြူ၍ ပျားများကိုလည်း စီးပွားဖြစ်မွေးမြူကြ၏။ ကောက်သီးကောက်နှံ၊ နွား၊ ဝက်ပေါင်ခြောက်၊ ကြက်ငှက်၊ ကြက်ဥ၊ ထောပတ်၊ ဘီသွာလျှော်၊ သားရေစိမ်း၊ သိုးမွေးနှင့် သစ်တောထွက် ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ မြို့တော်မှာ လူဦရေနှစ် သိန်းကျော် နေထိုင်လျက်ရှိသည့် ဗီလနီးယပ်(ဗီလနာ)မြို့ဖြစ်၏။ နိုင်ငံအတွင်း ကူးသန်းသွားလာနိုင့်သည့် ရေကြောင်းခရီးလမ်း မိုင်ပေါင်း ၁၂ဝဝ ခန့်ရှိ၍ မီးရထားလမ်းများလည်း အတော်အသင့်ရှိသည်။ ထိုမီးရထားလမ်းများသည် ဗီလနီးယပ်၊ ကောင်းနပ်၊ မေမယ် စသည့်မြို့ကြီး များကို ရုရှနှင့် ပိုလန် မီးရထားလမ်းများနှင့် ဆက်သွယ်ပေးလေသည်။လစ်သွေးနီးယားနိုင်ငံ၏ လူဦးရေမှာ ၃,၀၅၃,၈၀၀ ဖြစ်၍ လစ်သွေးနီးယန်းလူမျိုးများအပြင် ရုရှ၊ ပိုလန်၊ ဂျာမနီနှင့် ယဟူဒီများလည်း

နေထိုင်ကြ၏။

ဆယ့်သုံးရာစုနှစ်တွင် လစ်သူယေးနီးယားသည် မြို့စားပိုင်နယ်ပယ် ကြီးတစ်ခု ဖြစ်လာခဲ့၍ ၁၅ ရာစုနှစ်တွင် ယင်း၏ တန်ခိုးအာဏာသည် အထွတ်အထိပ်သို့ ရောက်ခဲ့လေသည်။ ၁၅၆၉ ခုနှစ်တွင် ပိုလန်နိုင်ငံနှင့် ပူးပေါင်းခဲ့ရပြီးနောက် ၁၇၇၆ ခုနှစ်တွင် ရုရှနိုင်ငံ၏ လက်တွင်းသို့ ကျ ရောက်ခဲ့လေရာ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပွင့်သစ်စ ဗော်လရှီဗစ် သမ္မတနိုင်ငံမှ သီးခြားလျက် လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာခဲ့သည် အထိ ရုရှနိုင်ငံတော်၏ ဗောလတစ်ပြည်နယ်တစ်ခုအဖြစ် တည်ရှိနေခဲ့လေ

သည်။ ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လတွင် လစ်သွေးနီးယန်း သမ္မတနိုင်ငံသည် ဆိုဗီယက်သမ္မတနိုင်ငံတစ်ခုအဖြစ် ဆိုဗီယက်ယူနီယံအတွင်းသို့ သွတ်သွင်းခြင်း ခံခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့သည် လစ်သူယေးနီးယားနိုင်ငံကို ၁၉၄၁ ခုနှစ်၊ ဇွန်လမှ ရုရှားတပ်များက ကယ်တင် ခဲ့သည့် ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလအထိ သိမ်းပိုက်ထားခဲ့လေသည်။

လတ်ဗီယာနိုင်ငံ

လတ်ဗီယာနိုင်ငံ၏ တရားဝင်အမည်မှာ လတ်ဗီယာသမ္မတနိုင်ငံ ဖြစ်ပြီး ဥရောပမြောက်ပိုင်း ဘောလတစ် ဒေသတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် အက်စတိုးနီးယားနိုင်ငံ၊ တောင်ဘက်တွင် လစ်သူယေးနီးယားနိုင်ငံ ၊ အရှေ့ဘက်တွင် ရုရှားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘီလာရုဇ်နိုင်ငံ တို့က ဝန်းရံလျှက် ရှိသည်။ ဘောလတစ်ပင်လယ်ကို ဖြတ်လျှက် တစ်ဖက်ြခမ်းတွင် ဆွီဒင်နိုင်ငံ ရှိသည်။ လတ်ဗီယာနိုင်ငံ၏ အကျယ်အဝန်းမှာ ၆၄,၅၈၉ စတုရန်းကီလိုမီတာ (၂၄,၉၃၈ စတုရန်းမိုင်) ရှိပြီး မျှတသော ရာသီဥတု ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( ဒီချုပ်(ခ)NLD)မှာ မြန်မာနိုင်ငံ၏ အင်အားကြီး နိုင်ငံရေးပါတီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။

ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါလီမန် မဲဆန္ဒနယ် နေရာများတွင် ရာခိုင်နှုန်းအမြောက်အမြား အနိုင်ရခဲ့သည်။ သို့သော် အုပ်ချုပ်နေသည့် နဝတ အစိုးရမှ အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့ပြီး အရပ်သားသမ္မတအဖြစ် ဦးထင်​ကျော်ကိုတင်​မြှောက်ခဲ့သည်။

NLD သည် NLD-LA (National League for Democracy-Liberated Areas) နှင့် ကွဲပြားခြားနားသည်။ ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဟု ခေါ်ပြီး၊ ထိုင်းနိုင်ငံနယ်စပ်နှင့် အခြား နိုင်ငံများတွင် ဖွဲ့စည်းထားသည်။

ဩစတြီးယားနိုင်ငံ

ဩစတြီးယားသည် ဥရောပအလယ်ပိုင်းမှ လူဦးရေ ၈.၃သန်းခန့်ရှိသော ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ တရားဝင်အမည်မှာ ဩစတြီးယားသမ္မတနိုင်ငံ (Republic of Austria) ဖြစ်သည်။ မြောက်ဘက်တွင် ဂျာမနီ နှင့် ချက်သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ဆလိုဗက်ကီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ၊ တောင်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံနှင့် အီတလီနိုင်ငံ၊ အနောက်ဘက်တွင် ဆွစ်ဇာလန်နိုင်ငံနှင့် လက်ချင်စတိန်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၈၃၈၇၂ ရှိပြီး သမမျှတသောအပူချိန် နှင့် အယ်လ်ပိုင်းရာသီဥတုမျိုး ရှိသည်။ အယ်လ်ပ် တောင်တန်း ကြောင့် တောတောင်ထူထပ်သည်။ တိုင်းပြည်အကျယ်အဝန်း၏ ၃၂%မျှသာ မီတာ ၅၀၀ အောက်အနိမ့်ပိုင်းတွင် ရှိပြီး အမြင့်ဆုံးတောင်ထွတ်မှာ အမြင့် (၃၇၉၇)မီတာ ရှိသည်။ လူဦးရေအများစုက ဂျာမန်ဘာသာစကားကို ပြောဆိုကြသည်။ ဂျာမန်ဘာသာစကားသည် ဩစတြီးယား၏ တရားဝင် ရုံးသုံးဘာသာစကားလည်း ဖြစ်သည်။ အခြား ရုံးသုံးဘာသာစကားများမှာ ခရိုအေးရှန်း၊ ဟန်ဂေရီ နှင့် ဆလိုဗင်း တို့ဖြစ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.