မြေပြိုခြင်း

မြေပြိုခြင်းသည် သဘာဝဘေးတစ်ခုဖြစ်ပြီး မြေငလျင်လှုပ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေဆီလွှာပျက်ဆီးခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းစသည့် သဘာဝဘေးအန္တရာယ်များနှင့် ဆက်စပ်လေ့ရှိသည်။ ထို့ပြင် အချို့သော လူလုပ်သောအရာများ (ဥပမာ မြေစာပုံခြင်း၊ ဖောက်ခွဲခြင်း) ကြောင့်လည်း မြေပြိုတတ်သေးသည်။ ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့် တောင်ပြို၊ မြေပြိုသည့်အခါ အထက်မှ အောက်သို့ မြေသား၊ ကျောက်ခဲများ ကျလာကြသည်။

ကမ္ဘာအရပ်ရပ်တွင် မြေပြိုမှုကြောင့် နှစ်စဉ် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးနေကြရပြီး ထိခိုက် ဒဏ်ရာရသူများမှာလည်း အများအပြားပင်ရှိနေခဲ့သည်။ ငလျင်ကြောင့် မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြိုခြင်း၊ ပင်လယ် ကမ်းရိုးတန်း မြေပြိုခြင်း၊ မြစ်ကမ်းဘေးနှင့်ချောင်းကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတားချဉ်း ကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင် အတွင်း မြေပြိုခြင်းစသည်ဖြင့် မြေပြိုမှုဖြစ်စဉ် အမျိုးမျိုး တို့ကြောင့် သေဆုံးကြရသူ လူဦးရေမှာ စစ်ပွဲများ၌ သေဆုံးနေကြရသူများ၏ လေးပုံတစ်ပုံခန့်ပင်ရှိနေသည်။

Landslide in Cusco, Peru - 2018
A landslide near Cusco, Peru in 2018.
A NASA model has been developed to look at how potential landslide activity is changing around the world.

အကြောင်းအရင်း

မြေပြိုခြင်းသည် အဓိကအားဖြင့် သဘာဝဘေး အန္တရာယ်တစ်ရပ်ဖြစ်သော်လည်း ကမ္ဘာအနှံ့ဖြစ်ပွား ခဲ့သည့် မြေပြိုမှုအားလုံးကမူ ရာနှုန်းပြည့်သဘာဝဘေး အန္တရာယ်များ မဟုတ်ခဲ့ကြပေ။ လူ့ပယောဂကြောင့်ဖြစ်ရသော မြေပြိုမှုများက ရာခိုင်နှုန်း တစ်ရပ် အဖြစ်ပါဝင်ခဲ့သည်။ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်၌ မြေတူးရာမှ ထွက်ပေါ်လာသော မြေစိုင်မြေခဲများကို စုပုံစွန့်ပစ်ရာမှ မြေပြိုကျခြင်းကြောင့် အလုပ်သမားများနှင့်ယာဉ်၊ ယန္တရားအချို့ မြေကျွံပြီး ထိခိုက်ဒဏ်ရာရ သေဆုံးရခြင်းမျိုးနှင့် အောက်ခံမြေသားလွှာ၏ ခံနိုင်ရည်အားကို စနစ်တကျစမ်းသပ်ခြင်းမပြုဘဲ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းကြောင့် မြေကျွံပြီးအဆောက်အအုံ ပြိုကျခြင်းမျိုးတို့သည် လူ့ပယောဂကြောင့် မြေပြိုရခြင်း၏ နမူနာတချို့ဖြစ်ကြသည်။[၁]

မြေပြိုမှုကို ဖြစ်စေသော အကြောင်းအရင်းအမျိုးမျိုးရှိသော်လည်း မြေပြိုမှုဖြစ်ရခြင်း၏ အဓိကအချက်မှာ မြေသား၏ကျစ်လျစ်သိပ်သည်းမှုလျှော့ချပြီးခံနိုင်ရည်အား ကျဆင်းသွားခြင်းပင်ဖြစ်သည်။ မြေပြိုမှုဖြစ်ရပ်များ၏ အကြောင်းရင်းအမျိုးမျိုးကို သဘာဝဖြစ်စဉ်နှင့် လူ့ပယောဂဖြစ်စဉ်ဟူ၍ ခွဲခြားလေ့လာနိုင်သည်။

ငလျင်ကြောင့် မြေပြိုခြင်း

အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်သည့်အခါ ဘူမိသွင်ပြင် ရုတ်ခြည်းပြောင်းလဲသွားမှုကြောင့် မြေပြိုခြင်း ဖြစ်ပွားနိုင်သည်။ ငလျင်ပြင်းအားအပေါ် မူတည်ပြီး မြေပြိုမှုအတိုင်းအတာမှာ အက်ကွဲနိမ့်ကျခြင်းမှသည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခြင်းအထိပင် ဖြစ်နိုင်ခြေရှိသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြိုခြင်း

ကမ္ဘာအရပ်ရပ်ရှိ မီးတောင်များ ပေါက်ကွဲပွင့်အန်သည့်အခါ အလွန်ပြင်းထန်သော တုန်ခါမှုကြီး ကြောင့် မြေမျက်နှာသွင်ပြင်၏ မူလအနေအထား ပျက်ယွင်းကာ မြေပြိုကျမှုများဖြစ်ပွားနိုင်သည်။ ပင်လယ်ကမ်းရိုးတန်းရှိ ရေအောက်မီးတောင်များ ပေါက်ကွဲသည့် အခါမျိုး၌လည်း ရေအောက်မြေပြိုမှုနှင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားလာနိုင်သည်။ ပင်လယ်ပြင်အတွင်းရှိ ကျွန်းပေါ်၌ မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြိုမှုအကြီးအကျယ်ဖြစ်ပေါ်ကာ ကျွန်းတစ်ကျွန်းလုံး ပင်လယ်ရေအောက်ရောက်ရှိသွားပြီး စုံးစုံးမြုပ် သွားခဲ့သည့် ဖြစ်ရပ်မျိုးပင်ရှိခဲ့ဖူးသည်။

ပင်လယ်ကမ်းရိုးတန်း မြေပြိုခြင်း

ပင်လယ်ဒီရေလှိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုဒဏ်ကို အမြဲတမ်းခံနေရသော ကမ်းရိုးတန်း ဒေသရှိ ကုန်းမြင့်တောင်စောင်းများ၏ အောက်ခံမြေသားများ လှိုက်စားခံရမှု ကာလနှစ်ပရိစ္ဆေဒကြာညောင်းလာသည့်အခါ ကမ်းရိုးတန်းမြေပြိုမှု ဖြစ်ပွားနိုင်သည်။ အင်အားပြင်းထန်သော ဆူနာမီလှိုင်းတံပိုးကြီးများ၏ တွန်းတိုက်ဖျက်ဆီးမှုဒဏ်ကို ကြိမ်ဖန်များစွာခံရလျှင် ကမ်းရိုးတန်းမြေပြိုမှုဖြစ်ပွားနိုင်ခြေ ပို၍ရှိနေသည်။ ဒီရေလှိုင်းများသည် အလွန်ကျယ်ဝန်းပြန့်ပြူးသော သဲသောင်ခုံများ၌ပင် လိုဏ်ခေါင်းကြီးများကို ဖြစ်ပေါ်စေနိုင်ပြီး သဲသောင်ပြင် နိမ့်ဆင်းပြိုကျမှုကို ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ ပင်လယ် ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၃ဝ အကွာအဝေး အတွင်း၌ ရှိနေသော မြို့ရွာများသည် တစ်ချိန်ချိန်၌ မြေပြိုမှုနှင့် ကြုံတွေ့ကြရနိုင်သည်။

မြစ်ကမ်းဘေး၊ ချောင်းကမ်းပါးများ မြေပြိုခြင်း

ရာသီမရွေး အလျဉ်မပြတ်စီးဆင်းနေသည့် မြစ် ချောင်းများ၏ ကမ်းပါးများ၌လည်း မြေပြိုမှုဖြစ်ပွားနိုင်သည်။ မြစ်ရေချောင်းရေ ပုံမှန်တိုက်စားခြင်း၊ မိုးရွာသွန်းမှု အလွန်များပြားသည့်အခါမျိုးနှင့် ဆည်၊ တမံများ ကျိုးပေါက်ပြိုပျက်သည့်အခါမျိုးများ၌ ပုံမှန် မဟုတ်သော ရေထုကြီးကြောင့် မြစ်ကြောင်းလမ်းကြောင်း သွေဖည်ပြောင်းလဲစီးဆင်းခြင်း၊ ရေယာဉ်များ ခုတ် မောင်းသွားလာမှုများပြားလွန်းခြင်း၊ ကမ်းပါးနံရံများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိခြင်း၊ မြစ်ကမ်းပါး၌ အဆောက်အအုံများကို စည်းကမ်းမဲ့စွာ ဆောက်လုပ်နေထိုင်ခြင်း စသည်တို့သည် မြစ်ချောင်းကမ်းပါး မြေပြိုမှုကို ဖြစ်ပေါ်လာစေနိုင်သော အကြောင်းရင်းများ ဖြစ်ကြသည်။

တောင်စောင်း၊ ချောက်ကမ်းပါးများ မြေပြိုခြင်း

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျ ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခြင်း၊ သစ်ပင် သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်းနှင့် ရထားလမ်းများ ဖောက်လုပ်သည့်အခါ မြေသားနံရံများကို ဖြိုဖျက်ခြင်း၊ မြေထိန်းနံရံများကို စနစ်တကျ ပြုလုပ်ထားမှုမရှိခြင်း၊ ကမ်းပါးယံအစွန်းများ၌ အဆောက်အအုံ ဆောက်လုပ် နေထိုင်ခြင်း စသည်တို့ကြောင့် တောင်စောင်း၊ ချောက်ကမ်းပါးများ၌ မြေပြိုမှု ဖြစ်ပွားနိုင်သည်။ တောင်စောင်း၊ ချောက်ကမ်းပါးများ၌ မြေပြိုမှု ဖြစ်ပွား သည့်အခါ ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို လျင်မြန် ထိရောက်စွာဆောင်ရွက်ရန် အခက်အခဲရှိတတ်သည့်အတွက် အသက်ဆုံးရှုံးနိုင်ခြေပို၍ ရှိနေသည်။

သတ္တုတွင်းများ မြေပြိုခြင်း

သတ္တုမိုင်းများ၌ မြေပြိုခြင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများ၌ အများဆုံး တွေ့ကြုံရလေ့ရှိသည်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုနိုင်မှု အားနည်းခြင်း၊ စံမမီသော ပစ္စည်းများကို အသုံးပြုခြင်း၊ ဖြစ်နိုင်ခြေအပေါ် လျှော့ပေါ့တွက်ဆခြင်း၊ မိုင်းလုပ်သားများ အသိပညာ ဗဟုသုတနည်းပါးခြင်း၊ ကုန်ကျစရိတ်သက်သာရေးကိုသာ ဦးစားပေးဆောင်ရွက်ခြင်း စသောအချက်များသည် ကမ္ဘာအရပ်ရပ်ရှိ သတ္တုတွင်းအချို့ကို မြေပြိုကျမှု ဖြစ်စေသော အကြောင်းတရားများ ဖြစ်ကြသည်။

ဥမင်လိုဏ်ခေါင်း မြေပြိုခြင်း

ရထားလမ်းနှင့် မော်တော်ကားလမ်းများ ဖောက် လုပ်သည့်အခါ တောတောင်အထပ်ထပ် ကိုပတ်၍ ဖောက် လုပ်ခြင်းထက်တောင်အချို့ကို ဥမင်လိုဏ် ခေါင်းဖောက် ၍ ဆောင်ရွက်ခြင်းက ပိုမိုထိရောက်သည့် အားလျော်စွာ လမ်းစီမံကိန်းအချို့၌ ဥမင် လိုဏ်ခေါင်း ဖောက်လုပ်မှုက တစ်စိတ်တစ်ပိုင်း ပါဝင်နေလေ့ရှိသည်။ ဖောက်လုပ်ထား သည့် ဥမင်၏အပေါ်နှင့် ဘေးပတ်လည်ရှိ မြေသားများသည် လိုဏ်ခေါင်းဖောက်ရာ၌ အသုံးပြုသည့် ဧရာမ လွန်သွားစက်ကြီးများ၏ တုန်ခါမှုဒဏ်ကြောင့် အတွင်း၌ လှိုက်၍ အက်ကွဲနေခဲ့လျှင် တစ်ချိန်ချိန်၌ ဥမင် လိုဏ်ခေါင်း မြေပြိုကျမှုဖြစ်ပွားလာနိုင်သည်။

တံတားချဉ်းကပ်လမ်း မြေပြိုခြင်း

မြစ်ချောင်းများကို ကျော်ဖြတ်နိုင်ရန် တံတားများ တည်ဆောက်ကြရာ၌ တံတားချဉ်းကပ် လမ်းများကိုလည်း တစ်ပါတည်း တည်ဆောက်ကြရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထုထည်ပမာဏ အလွန်များသော မြစ်ရေ၊ ချောင်းရေများ တစ်ဟုန်ထိုး စီးဆင်းသည့်အခါ တံတားရေလယ်တိုင်များ၏ ကြံ့ခိုင်မှုကို ထိပါးလျော့ကျ စေသည့်အတွက် တုန်ခါလှုပ်ယမ်းလာသော တံတားကြောင့် ချဉ်းကပ်လမ်းမြေသားများ ပြိုကျမှု ဖြစ်ပွားတတ်သည်။

စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်း

အထပ်မြင့် အဆောက်အအုံများဆောက်လုပ်ခြင်း၊ စက်ရုံကြီးများဆောက်လုပ်ခြင်း၊ မွေးမြူရေးကန်များ ဖော်ထုတ်ခြင်း၊ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်း တူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်း၊ ကျောက်မျက်တူးဖော်ခြင်း၊ ကျောက်မီးသွေးတူးဖော်ခြင်း စသော စီမံကိန်းလုပ်ငန်းများတွင် တူးဆွဖော်ထုတ်ထားသော မြေစိုင်မြေခဲများကို သင့်လျော်ရာ နေရာတစ်ခုခုသို့ ပို့ဆောင်၍ စုပုံထားလေ့ရှိကြသည်။ နှစ်ကာလကြာမြင့်၍ မြေသားအစုအပုံကြီးဖြစ်လာ သည့်အချိန်၌ မြေပုံပေါ်၌နေအိမ် ဆောက်လုပ်နေထိုင် ခြင်း၊ မြေသယ်ယာဉ်များက မြေပုံပေါ်တက်ရောက်၍ တူးဆွမြေများကို ထပ်မံစုပုံခြင်း၊ မြေကော်စက်များဖြင့် မြေပုံပေါ်မှမြေသားများကိုသယ်ယူရွှေ့ပြောင်းခြင်း စသည်တို့ကို ပြုလုပ်သည့်အခါ ကျစ်လျစ်သိပ်သည်းမှု မရှိသော မြေသားများ ပြိုပျက်ကျဆင်းပြီးမြေပြိုမှု ဖြစ်ပွားတတ်သည်။ အလားတူပင် အထပ်မြင့်အဆောက်အအုံများ အတွက် အုတ်မြစ်ချသည့်အခါများ၌လည်း မြေအား စမ်းသပ်မှုကိုစနစ်တကျ မပြုလုပ်ဘဲ အဆောက်အအုံ အလျင်အမြန် ပြီးစီးရေးကိုသာ ရှေ့တန်းတင်ခဲ့သည့်အတွက်၊ အောက်ခံမြေသား ပြိုကျနိမ့်ဆင်းမှုဖြစ်ပေါ်ပြီး အဆောက်အအုံ ယိုင်နဲ့ခြင်း၊ အက်ကွဲခြင်း၊ ပြိုကျခြင်းများနှင့် ကြုံတွေ့ကြရလေ့ရှိသည်။ စီမံကိန်းတာဝန်ခံများ အရည်အချင်းမပြည့်ဝခြင်း၊ နည်းပညာအဆင့်နိမ့်ခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုမရှိခြင်း၊ ခေတ်မီစက်ပစ္စည်း ကိရိယာများကို အသုံးမပြုခြင်းစသော အကြောင်းတရား များသည် စီမံကိန်းလုပ်ငန်းခွင်များအတွင်း၌ မြေပြိုမှုကို ဖြစ်ပွားလာစေနိုင်သည်။

ကာကွယ်ခြင်း

မြေပြိုခြင်းမဖြစ်ပွားရလေအောင် လူ့ပယောဂများကို ခြွင်းချက်မရှိ ရာနှုန်းပြည့် လျှော့ချကြရမည်ဖြစ်သလို သဘာဝဖြစ်စဉ်ကြောင့် မြေပြိုခြင်းများကိုလည်း တတ်နိုင်သမျှ ကာကွယ်တားဆီးကြရန် လိုအပ်သည်။ မြေပြိုခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်သော နည်းလမ်းကောင်းတစ်ရပ်မှာ နှစ်ရှည်သစ်ပင်ကြီးများကို လူတို့ အခြေချနေထိုင်ရာ မြို့ရွာများ၏ အနီးတစ်ဝိုက်၌ စနစ်တကျ စိုက်ပျိုးထားခြင်းပင် ဖြစ်သည်။

နှစ်ရှည်သစ်ပင်ကြီးများသည် အပင်အရွယ်အစားနှင့် အပင်အသက်တို့အလိုက် အပင်ပတ်လည်တစ်ဝိုက် ပေပေါင်းရာနှင့်ချီ၍ မြေသားလွှာများကို ကျစ်လျစ်အောင် ကုတ်ယူထိန်းသိမ်းပေးထားနိုင်စွမ်း ရှိကြသည်။ ထိုမျှမက မြေဆီလွှာ တိုက်စားခံရခြင်းကိုလည်း ကောင်းစွာ ကာကွယ်ပေးနိုင်ကြသလို အရှိန်အဟုန်ပြင်းစွာ စီးဆင်းဝင်ရောက် လာသော ရေထုကြီးကိုလည်း ဟန့်တားဆီးကာပေးနိုင်သဖြင့် လူနေမြို့ရွာများ၌မြစ်ရေ ချောင်းရေများကြောင့်ရုတ်တရက် ရေကြီးရေလျှံဖြစ်ခြင်း ကို နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နိုင်စွမ်းရှိကြသည်။

ထုထည်ပမာဏအလွန်ကြီးမားသော ရေထုကြီး ကြောင့် နေအိမ်အဆောက်အအုံများနှင့် အပင်ငယ်၊ အပင်လတ်များက လွယ်လင့်တကူ ရေစီးနှင့်မျောပါ သွားနိုင်သော်လည်း အရွယ်အစားကြီးမားသောနှစ် ရှည်သစ်ပင်ကြီးများကမူ အမြစ်ကကျွတ်ပြီး ရေစီးကြောင်းနှင့် လိုက်၍ မျောပါသွားရန် အလွန်ခဲယဉ်းသည်။

သို့ဖြစ်၍ လူနေမြို့ရွာများအတွင်းနှင့် အနီးတစ် ဝိုက်၌ နှစ်ရှည်ပင်ကြီးများကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနှင့် ရှိပြီးသား နှစ်ရှည်ပင်ကြီးများကို မည်သည့်အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်းအားဖြင့် သဘာဝဖြစ်စဉ်ကြောင့် ဖြစ်ရသော မြေပြိုခြင်းကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင်ကြမည် ဖြစ်သည်။

ကိုးကား

  1. https://www.moi.gov.mm/?q=news/13/08/2015/id-8055
ချိုးလူမျိုး

ချိုး (K’CHO) ကို အများက ချင်း ဟူ၍ သိကြသည်။ ချိုးဘာသာစကားဖြင့် ချိုး ဟူသောစကားလုံးသည် အထက်၊ အညာ ဟူ၍ အဓိပ္ပါယ် ထွက်သည်။ သို့သော် ချိုး သည် မိမိကိုယ်ကို မိမိ ချိုး ဟုခေါ်သော လူမျိုးတမျိုး၏ အမည်နာမ ဖြစ်သည်။ အမည်သည် အမည်နာမသာဖြစ်၍ အဘယ်ကြောင့် ချိုး ဟုခေါ်သည်၊ မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကို မည်သူမျှ အတိအကျ မသိပေ။

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်း (လှုပ်ခြင်း၊ တုန်ခါခြင်း၊ ခါယမ်းခြင်း သို့မဟုတ် မြေငလျင်လှုပ်ရှားမှု) သည် မြေငလျင်လှိုင်းများကို ဖန်တီးရာတွင် ကမ္ဘာမြေကြီး၏ မျက်နှာပြင်လွှာအတွင်း၌ စွမ်းအင်ကို ရုတ်တရက်ထုတ်လွှတ်ခြင်း၏ ရလဒ်ဖြစ်သည်။ ငလျင်သည် မြေတွင်းအနက်တစ်နေရာ၌ဖြစ်သည်။ ကျောက်ဆိုင်ထုအတွင်း မြေတွင်းဖိအားများကြောင့် အက်ရာစတင်ဖြစ်ပေါ်ပြီး ထိုအက်ကြောင်းမျက်နှာပြင်တစ်လျောက် ရုတ်တရက်ကျိုးပြတ် ပွတ်တိုက်ရွေ့ လျောခြင်းကြောင့် ဖြစ်သည်။ ထိုသို့ကျိုးပြတ်ခြင်းမဖြစ်မီ ဖိအားကြောင့် ကျောက်ဆိုင်ထုအတွင်း ကျုံ့ခြင်း၊ ပွခြင်းဖြစ်သည်။ ရွေ့လျားခြင်းဖြစ်သည်။ နဂိုရှိရင်းစွဲ ကျောက်လွှာထုနှင့်နှိုင်းဆလျှင် ထိုရွေ့မှုမှာ မမြင်သာ သလောက်ဖြစ်သည်။ နှိုင်းရအရွေ့တစ်မျိုးဖြစ်သည်။ ဖိစီးအား(Stress) ကြောင့် ဖြစ်သော နှိုင်းရအရွေ့ ဖြစ်သဖြင့် ဒါဏ်(Strain) ဟုခေါ်ရသည်။ ဖိအားများလျှင်ဒါဏ်များသည်။ ဖိအားနည်းလျှင် ဒါဏ်နည်းသည်။ ဖိအားပမာဏ အတိုင်းအတာတစ်ခုအထိ ကျိုးပြတ်ခြင်း၊ အက်ကွဲခြင်းမရှိ၊ ကြုံဆန့်နိုင်သည်။ ဖိ(ဆန့်)အား နှင့် ဒဏ် တိုက်ရိုက်အချိုးကျသည်။ ထိုအခြေ အနေတွင် ငလျင်မဖြစ်ပါ။

ဆူနာမီ

ဆူနာမီ (အင်္ဂလိပ်: tsunami; ဂျပန်: 津波၊ အင်္ဂလိပ် အသံထွက်: /suːˈnɑːmi/ သို့မဟုတ် /tsuːˈnɑːmi/; အဓိပ္ပာယ်အားဖြင့် ဆိပ်ကမ်း ပင်လယ်ရေလှိုင်း သို့မဟုတ် ပင်လယ် ဒီရေလှိုင်း) သည် သမုဒ္ဒရာတစ်ခု သို့မဟုတ် ကြီးမားသော ရေအိုင်တစ်ခု ကဲ့သို့သော ထုထည်ကြီးမားသည့် ရေအစုအဝေး ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော ရေလှိုင်းအတွဲ (ဆူနာမီ ရေလှိုင်းမီးရထားတွဲဟုလည်းခေါ် ဆိုသည်) ဖြစ်သည်။ ဆူနာမီမုန်တိုင်းကြီးများသည် ဂျပန်နိုင်ငံတွင် မကြာခဏကျရောက်တိုက်ခတ်ခဲ့ကာ အရေအတွက် မှာ အကြိမ်ပေါင်း ၁၉၅ ကြိမ်ဖြစ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများတွင် တွေ့ရှိကြရသည်။ ရေထုထည် ပမာဏ အင်အားများစွာ ပါဝင်မှုကြောင့် အဆိုပါဆူနာမီ မုန်တိုင်းကြီးသည် ကမ်းခြေနေရာများကို ဖျက်ဆီးပစ်နိုင်ပြီး၊ ပျက်စီးဆုံးရှုံးမှု မှာလည်း များပြားနိုင်ပေသည်။ သေဆုံးမှုသည် မြင့်မားနိုင်သည်။ အဘယ်ကြောင့် ဆိုသော် လှိုင်းလုံးကြီးများသည် လူသားများပြေးလွှားနိုင်ခြင်းထက် ပို၍ မြန်ဆန်သောကြောင့် ဖြစ်သည်။

မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်းနှင့် အခြားသော ရေအောက်ပေါက်ကွဲမှုများဖြစ်ခြင်း၊ (ပင်လယ်ပြင်တွင် နျူကလီယား ကျယ်လောင်စွာ မြည်ဟီးပေါက်ကွဲသကဲ့သို့ ဖြစ်ခြင်း)၊ မြေပြိုခြင်း၊ အခြားသော ထုထည်ကြီးမားသည့် လှုပ်ရှားမှုများဖြစ်ခြင်း၊ ကြယ်ပျံကြီးများ ကမ္ဘာမြေပြင်သို့ လာရောက် တိုက်သကဲ့သို့ဖြစ်ခြင်း နှင့်အခြားသော ရေပေါ်ရေအောက် အနှောင့်အယှက်များ အားလုံးတို့တွင် ဆူနာမီမုန်တိုင်း ဖြစ်ပေါ်ရန် အလား အလာများ ရှိသည်။

ဂရိ (Greek) လူမျိုး သမိုင်းပညာရှင်တစ်ဦးဖြစ်သော သူဆင်ဒိုက် (Thucydides) သည် ဆူနာမီ မုန်တိုင်းကြီး ဖြစ်ပေါ်ရခြင်းမှာ ရေအောက်ကြမ်းပြင်ရှိ မြေငလျင်လှုပ်ရှားခြင်းနှင့် ဆက်စပ်နေသည်ဟု ပထမဆုံး ပြောဆို ခဲ့သူဖြစ်သည်။ သို့သော် ဆူနာမီ မုန်တိုင်း၏ သဘာဝ အပေါ်နားလည်မှု သဘောထားမှာ ၂၀ ရာစုနှစ်ထိ သေး သိမ်နေခဲ့ပြီး ယခု အချိန်အထိ အဆိုပါ အကြောင်းအရာကို သုတေသန ပြုလုပ်နေဆဲပင် ရှိကြပါသေးသည်။ ဘူမိဗေဒ၊ ပထဝီဝင် ၊ အဏ္ဏဝါဗေဒဆိုင်ရာ အစောပိုင်း စာအုပ်စာတမ်းများ၌လည်း ဆူနာမီကို "ငလျင်လှုပ်သော ပင်လယ် လှိုင်းများ"ဟု ရည်ညွှန်းကြသည်။

လေဖိအားနည်းရပ်ဝန်း ကဲ့သို့သော အပူပိုင်းမုန်တိုင်းများကို ဖြစ်ပေါ်လာစေသည့် အချို့သော မိုးလေဝသ အခြေ အနေများသည် မက်တီအိုဆူနာမီ (meteotsunami) ဟုခေါ်ဆိုသော တစ်ရှိန်ထိုးမုန်တိုင်းဖြစ်ခြင်းကို ဖြစ်ပေါ် စေနိုင်သည်။ ၎င်းသည် ဒီရေကို သာမန်ထက် မီတာအတော်များများ မြင့်တက်စေနိုင်သည်။ လေဖိအားနည်ရပ်ဝန်း ၏အလယ်ဗဟို အတွင်းရှိ နိမ့်ကျသော လေထုဖိအားမှ အစားထိုး - ရောက်ခြင်း ထွက်ပေါ်လာသည်။ ၎င်းလှိုင်း လုံးကြီး များသည် ကမ်းခြေအထိ ရွေ့လျားလာပြီး မြေဧရိယာအတော်များများကို ရေဖြင့်လွှမ်းမိုးလိုက် ပါသည်။ အဆိုပါ လှိုင်းလုံးကြီးများသည် ဆူနာမီ (မဟုတ်သော်လည်း) ၎င်းနှင့် ဆင်တူဖြစ်ကာ ထိုကဲ့သို့သော လှိုင်းလုံး ကြီးမျိုး မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ်၊ မေလအတွင်းက ကျရောက်ခဲ့ပါသည်။

မြစ်ကျဉ်းသုံးသွယ် ရေကာတာ

မြစ်ကျဉ်းသုံးသွယ် ရေကာတာသည် တရုတ်ပြည်၏ အရှည်ဆုံးမြစ် ယန်ဇီမြစ်ပေါ်ရှိ ဟူပေပြည်နယ် ဆန်းတုန်ဖိန်မြို့ အနီးတွင် တည်ဆောက်ထားသည့် ရေကာတာဖြစ်သည်။ ၎င်းသည်လည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေအားလျှပ်စစ်စက်ရုံဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၈၂၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။

ရေကာတာကို ၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးသည်။ ရေအားလျှပ်စစ်စက်ရုံတွင် ဓာတ်အား ၇၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်သည့် တာဗိုင်ပေါင်း ၂၆ ခုရှိသည်။

လျှပ်စစ်ဓာတ်အားအပြင် ယန်ဇီမြစ်တလျှောက် ရေကြောင်းပို့ဆောင်ရေး စွမ်းအားကို မြှင့်တင်ပေးကာ မြစ်ရေကြီးမှုများကို လျော့ပါးစေသည်။ တရုတ်အစိုးရက ယင်းရေကာတာကို ဆောက်လုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် အောင်မြင်သည့် သမိုင်းဝင် စီမံကိန်းတစ်ရပ်ဟု ဂုဏ်ယူခဲ့သည်။ သို့သော်လည်း ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ယန်ဇီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူနေရပ်ကွက်များ ရေအောက်နစ်မြုပ်သွားခဲ့သလို လူဦးရေ ၁.၃ သန်းခန့် ဌာနေကို စွန့်ခွာကာ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည့်အပြင် မြေပြိုခြင်းစသည့် ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုမိုကြီးမား လာစေသည်။အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အကုန်ခံ ဆောက်လုပ်ထားသည့် မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ ပထဝီ မြေအနေအထားအပေါ် ထိခိုက်မှုများ၊ စီးပွားရေးဆိုင်ရာ ပြဿနာများ ရှိနေကြောင်း တရုတ်အစိုးရက ၂၀၁၁ ခုနှစ် မေလတွင် ဝန်ခံပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထဝီဝင်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဖက် အကျဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအနီး သင်္ဘောကြီးများ သွားလာရာ စီးပွားရေးအချက်အခြာကျသည့် နေရာတွင် တည်ရှိသည်။

ဝါးခယ်မမြို့

ဝါးခယ်မမြို့သည် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် အတွင်းတည်ရှိ၍ ဝါးခယ်မခရိုင်ခွဲ၏ ရုံးစိုက်မြို့ဖြစ်သည်။ ဝါးခယ်မခရိုင်ခွဲတွင် ပါဝင်သော အခြားမြို့နယ်တစ်ခုမှာ မော်လမြိုင်ကျွန်းမြို့နယ် ဖြစ်သည်။ ဧရာဝတီမြစ်၏ မြစ်ခွဲများဖြစ်ကြသော ရွှေလောင်းမြစ်နှင့် ပြန်မလော့မြစ်တို့ကို ဆက်သွယ်ထားသည့် အလျား ၂၃ မိုင် ရှိသော ဝါးခယ်မမြစ်၏ ကမ်းပါးပေါ်၌ မြို့တည်ထားလေသည်။

သစ်တောရေးရာဝန်ကြီးဌာန

ယခုအခါ သစ်တောရေးရာဝန်ကြီးဌာနကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး သဘောတူညီချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (Ministry of Environmental Conservation and Forestry) အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးဖြစ်သည်။မြန်မာနိုင်ငံ၏

ဧရိယာအကျယ်အဝန်း စုစုပေါင်း စတုရန်းမိုင် ၂၆၁,ရ၆ဝ

ရှိသည့်အနက် ၅၅.၅ ရာခိုင်နှုန်း၊ သို့မဟုတ် ၁၄၅,၃ဝ၃

စတုရန်းမိုင်မှာ သစ်တောများ ဖြစ်ကြ သည်။ ယင်းတို့အနက်

၃၄,၆၈ရ စတုရန်းမိုင်မှာ သစ်တောကြိုးဝိုင်းများဖြစ်၍

၁၁၆,ဝ၁၆ စတုရန်းမိုင်မှာ ကြိုးပြင် သစ်တောများ

ဖြစ်ကြသည်။ သစ်တောများပေါ်တွင် အဓိက

မှီခိုနေရသည့်အားလျော်စွာ ပြည်ထောင်စုမြန်မာနိုင်ငံ၏

အစိုးရဝန်ကြီးဌာနတခုအနေဖြင့် စီမံအုပ်ချုပ်လေသည်။

သစ်တောများသည် တိုင်းပြည်၏ အဖိုးအနဂ္ဃထိုက်တန်

သော ပစ္စည်းများဖြစ်ကြသည့်ပြင် ရာသီဥတု မျှတမှန်ကန်ခြင်း၊

ရေဖူလုံအောင်ရရှိခြင်းနှင့် မြေဩဇာထိန်းသိမ်းခြင်း စသည်တို့

အတွက် ထိန်းသိမ်းကာကွယ်နိုင်သော အကျိုးကျေးဇူးများ

ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ တောတောင်

ထူထပ်ပေါများသော တိုင်းပြည်များတွင် သစ်တောများ

ထိန်းသိမ်းခြင်း ချွတ်ယွင်းပါက အောက်ပိုင်းတွင် ရှိသော

မြေညီများတွင် ရေစီးကမ်းပြိုခြင်း၊ နွံများ ဖုံးလွှမ်းခြင်း၊

မြေဩဇာ လျော့ပေါ့ခြင်းနှင့် ရေကြီးခြင်း စသော

ဘေးအန္တရာယ်များ တွေ့ရှိတတ်သည်။

ထိုအကျိုးကျေးဇူးများအပြင် ထာဝစဉ် သစ်တောထွက်

ပစ္စည်းများ ရရှိရေး၊ သစ်တောများ အဓွန့်ရှည်စွာ

တည်မြဲရေးနှင့် တိုးပွားရေးတို့ အတွက် စည်းကမ်းတကျ

အုပ်ချုပ်လုပ်ကိုင်နိုင်ရန် ကွက်စိတ် စီမံကိန်းများ ရေးဆွဲ၍

ယင်းအတိုင်း စီမံခန့်ခွဲ ထိန်းသိမ်း စောင့်ရှောက်ရသည်။

သစ်တောများကို တိုင်းကြီး ငါးတိုင်းနှင့် ရှမ်းပြည်နယ်ဟု

သတ်မှတ် ပြီးလျှင် ယင်းတို့ကို တစ်ဖန် သစ်တောခရိုင် ၃၅

ခရိုင် ခွဲကာ သစ်တောမင်းကြီးချုပ်၊ သစ်တောမင်းကြီးများ၊

သစ်တောခရိုင်ဝန်များနှင့် အခြား အရာထမ်း အမှုထမ်းများက

အုပ်ချုပ်သွားလေသည်။

သထုံခရိုင်

သထုံခရိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ်တွင် ပါဝင်သည်။ စစ်တောင်းမြစ်ဝ ဝဲဖက်ကမ်းမှသည် သံလွင်မြစ်ဝ ယာဖက်ကမ်းတိုင်အောင်အလျားရှည်၍ ပင်လယ်ကမ်းရိုးတန်းခရိုင်တစ်ခု ဖြစ်ပေ သည်။ မြောက်ဘက်တွင် တောင်ငူခရိုင်နှင့် ဖာပွန်မြို့နယ်၊ အရှေ့ဘက်တွင် လှိုင်းဘွဲ့မြို့နှင့် ဘားအံမြို့နယ်၊ တောင်ဘက်တွင် မော်လမြိုင်ခရိုင်၊ အနောက်ဘက်တွင် ပဲခူးခရိုင်နှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝိုင်းရံလျက်ရှိသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် သံလွင်မြစ်အောက်ပိုင်းတို့သည်လည်းကောင်း၊ တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့သည် လည်းကောင်း၊ အနောက်မြောက်ဘက်တွင် စစ်တောင်းမြစ်အောက်ပိုင်းသည်လည်းကောင်း သဘာဝနယ်နိမိတ်များအဖြစ်ဖြင့် ခရိုင်ကိုပိုင်းခြားပေးထားကြသည်။

သထုံခရိုင်တွင် မြောက်ဘက်ပိုင်း၌ တောင်ရိုးတောင်တန်းများ ပေါများ၍ မြစ်ချောင်းစိမ့်စမ်းများလည်း အနှံ့အပြားဖြစ်သည်။ မုတ္တမကွေ့၏ အရှေ့ဘက်၌ ရှမ်းကုန်းပြင်မြင့်၊ သို့မဟုတ် အရှေ့ရိုးမမှ သွယ်တန်းလာသော တောင်တန်းတစ်ခုသည် တောင်ဘက်သံလွင်မြစ်ဝပေါ်ရှိ မုတ္တမမြို့ကလေးသို့ တိုင်အောင် အနောက်မြောက်ယွန်းယွန်းမှသည် အရှေ့တောင်ယွန်းယွန်းသို့ ဆင်းလာသည်။ ခရိုင်ရုံးစိုက်မြို့ဖြစ်သော သထုံမြို့ကို ထိုတောင်တန်းကို နောက်ခံပြု၍တည်ထားရာ သထုံမြို့အနီးတွင် ထိုတောင်တန်းကို သထုံတောင်တန်း၊ တောင်ဘက်၌ မုတ္တမတောင်တန်းဟူ၍လည်းကောင်း၊ ကုလားမ

တောင်တန်းဟူ၍လည်းကောင်းခေါ်ဆိုကြသည်။ ခရိုင်၏ အနောက်မြောက် ဘက်တွင် အရှေ့ရိုးမရှိ ပေါင်းလောင်းတောင်တန်း၏ အဆက်ဖြစ်သော တောင်ရိုး တောင်စွယ်တို့သည် ခရိုင်အတွင်း ဝင်ရောက်လာပြီးလျှင် ကျိုက်ထို နှင့် ဘီးလင်းဘက်သို့ တောင်စွယ်နှစ်ခုခွဲထွက်သည်။ အနောက်ဘက်တောင်စွယ်ကို ကေလာသတောင်တန်းဟုခေါ်သည်။

ဟာတူးရွာ

ဟာလ်တူး ကျေးရွာသည် ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီ (Matupi) မြို့နယ် အရှေ့တောင်ဘက် ယွင်းယွင်း၌ တည်ရှိသော အလွန်လှပသည့် ကျေးရွာကလေး တစ်ရွာပင် ဖြစ်သည်။ အရှေ့ဘက် တွင် ယံပါး (Zampa) တောင်တန်း၊ အရှေ့တောင်ဘက်တွင် ဟာယုံ (Hal Zung) ကျေးရွာ၊ အနောက်ဘက်ခြမ်းတွင် ကာအိမ်း (Kal Im) ကျေးရွာအုပ်စု၊ မြောက်ဘက်ခြမ်းတွင် လှန်းပြန်း (Hlang Prang) ခေါ် ချန်းပြန်း ကျေးရွာ အုပ်စု၊ နှင့် တောင်ဘက်ပိုင်းတွင် ရွှင်သွီး (Sun Tui) နယ်တို့ဖြင့် နယ်နမိတ် ထိစပ်လျက် ရှိနေပါ သည်။

ရွာတည်ဆောက်မှု ပုံသဏ္ဌာန်မှာ ရွာတန်းရှည် ပုံသဏ္ဌာန်ဖြစ်ပြီး မြောက်မှ တောင်ဘက်သို့ သွယ်တန်းသွားသည်။ ရွာအတွင်း ရပ်ကွက် နှစ်ခုရှိပြီး ခေါ်ဒ်ဗါး ချောင်းငယ်ကလေးဖြင့် ခွဲခြားထားသည်။ ရွာ၏ အနောက်ဘက်ခြမ်းတွင် ကီလောင် (Ki Long) ချောင်းကလေး စီးဆင်းသွားရာ လှပ သော သဘာဝပန်းချီ ကားချပ်သဖွယ် ကဗျာဆန်လှသည်။ ရွာအတွင်း နေထိုင်သူများ အနေဖြင့် အိမ်ခြေ (၆ဝ) နီးပါးခန့် ရှိပြီး၊ လူဦးရေ အနေဖြင့် (၃ဝဝ) ခန့် နေထိုင်ကြသည်။ လူဦးရေ အိမ်ခြေအနေဖြင့် နည်းပါးလှသော်လည်း မတူပီ မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း အလျင်မြန်ဆုံးနှင့်အမြင့်ဆုံး စံပြကျေးရွာပင် ဖြစ်သည်။ သာဓက တစ်ခုအနေဖြင့် မတူပီ တစ်မြို့နယ်လုံး၌ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စတင်အသုံးပြုသော ရှေ့ဆောင် ရွာပင်ဖြစ်သည်။ ယခုအခါတွင် ဟာတူး ကျေးရွာ လူထုများအနေဖြင့် တခြား ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများကိုလည်း များစွာ အကောင်ထည်ဖေါ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပါသည်။

ဟာတူး ကျေးရွာ၏ အခြားသော ဆောင်ရွက် အောင်မြင်မှုများကို အလျှင်းသင့်သလို ဆက်လက်ဖေါ်ပြ သွားမည်ဖြစ်သည်။ ယခုမူ အစဉ်အလာကြီးစွာ ဖွံ့ဖြိုးတိုးတက် အောင်မြင်သော ဟာတူး ကျေးရွာ၏ ဖြစ်တည်မှု သမိုင်း အကျဉ်းကိုသာ ဖေါ်ပြသွားပါမည်။

အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

စက်တင်ဘာလ ၁၆ ရက်နေ့သည် ကုလသမ္မဂ အထွေထွေညီလာခံ၏ ချမှတ်သည့်အရ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်သည်။

၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ

၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ (東北地方太平洋沖地震, Tōhoku Chihō Taiheiyō-oki Jishin, "တိုဟိုကုဒေသ (အရှေ့မြောက်ဒေသ) ပစိဖိတ်ကမ်းလွန်ငလျင်") သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်စံတော်ချိန် ၁၄ နာရီ ၄၆ မိနစ် (05:46 UTC) တွင် ဂျပန်ကမ်းလွန် ပင်လယ်ပြင်၌ ဖြစ်ပွားခဲ့သည့် ငလျင်ကြီးဖြစ်ပြီး ဂျပန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရ ၉.၀ MW စကေးရှိ အင်အားကြီး ငလျင်ကြီးဖြစ်သည်။ ငလျင်ဗဟိုမှာ တိုဟိုကုဒေသ အိုရှိကကျွန်းဆွယ် အရှေ့ဖက်ကမ်းနှင့် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အကွာတွင် တည်ရှိပြီး အနက်မှာ ၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်) ရှိသည်။ငလျင်ဖြစ်ပွားပြီးနောက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ကာ ဂျပန်အပါအဝင် မြောက်အမေရိကနှင့် တောင်အမေရိကရှိ နိုင်ငံပေါင်း ၂၀ ၏ ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ပြောင်းရွှေ့ခဲ့သည်။ ဂျပန်ကမ်းရိုးတန်းကို ရိုက်ခတ်သည့် ဆူနာမီလှိုင်းကြီးများမှာ ၁၀ မီတာ (၃၃ ပေ) ကျော် မြင့်မားသည်။ အခြားနိုင်ငံများတွင်လည်း လှိုင်းကြီးလှိုင်းငယ်များကို ဖြစ်ပွားစေခဲ့သည်။ ယင်းလှိုင်းများသည် ဂျပန်၏ ကမ္ဘာအခြားတစ်ဘက်ခြမ်းရှိ ချီလီနိုင်ငံအထိပင် ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ဆူနာမီလှိုင်းကြီးများသည် ကုန်းမြေအတွင်းပိုင်း ၁၀ ကီလိုမီတာ (၆ မိုင်) အထိ ဝင်ရောက်တိုက်စားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ငလျင်နှင့် ဆူနာမီဒဏ်ကြောင့် လူပေါင်း ၃၃၇၃ ဦးသေဆုံး၊ ၇၅၅၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဂျပန်ရဲဌာနချုပ်မှ အတည်ပြု ထုတ်ပြန်ထားသည်။ သို့သော်လည်း လက်တွေ့ အသေအပျောက်ဦးရေမှာ အခုထက်များပြားနိုင်ကြောင်း ခန့်မှန်းရသည်။ ငလျင်ကြီးကြောင့် ဂျပန်နိုင်ငံတွင် အတိုင်းအတာကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့သည်။ လူနေအိမ်ခြေများ၊ ကားလမ်းများ၊ မီးရထားလမ်းများနှင့် ရေကာတာတစ်ခု ပျက်စီးခဲ့သည်။ ဂျပန်အရှေ့မြောက်ဒေသတွင် အိမ်ခြေပေါင်း ၄.၄ သန်းကျော် လျှပ်စစ်မီး မရှိဖြစ်ခဲ့သည့်အပြင် ၁.၄ သန်းခန့်မှာ ရေမရရှိဘဲဖြစ်နေသည်။ လျှပ်စစ်ဓာတ်အားပေးစက် အတော်များများ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး အနည်းဆုံး နျူကလီယာ ဓာတ်ပေါင်းဖို ၃ ခု၌ မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ ဥပဒ်ဖြစ်စေနိုင်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်လာကြောင်း တိုင်းတာတွေ့ရှိရသည်။ ထို့ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပြီး ဖူကုရှိမ အမှတ် ၁ ဓာတ်အားပေးစက်ရုံမှ မီတာ ၂၀ ပတ်လည်နှင့် အမှတ် ၂ ဓာတ်အားပေးစက်ရုံမှ ၁၀ မီတာ ပတ်လည်အတွင်း နေထိုင်ကြသူများအား ပြောင်းရွှေ့ခဲ့သည်။

ဆန်ဒိုင်ငလျင်သည် အတိုင်းအတာအားဖြင့် ၁၉၀၀ ပြည့်နှစ် ငလျင်တိုင်းတာရေး မှတ်တမ်းများ စတင်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသမိုင်းတွင် အင်အားအကြီးမားဆုံး ငလျင်ကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အင်အားအကြီးမားဆုံး ငလျင်ဖြစ်သည်ဟု သိရသည်။ ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (菅直人; Naoto Kan) က "ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၆၅ နှစ်အတွင်း ဂျပန်နိုင်ငံအဖို့ အကြီးမား၊ အခဲယဉ်းဆုံး ဘေးအန္တရာယ်ဖြစ်သည်။"ဟု မတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ပြောဆိုခဲ့သည်။

၂၀၁၇ စီချွမ် မြေပြိုခြင်း

တရုတ်ပြည် အနောက်တောင်ဘက် စီချွမ်ပြည်နယ်၊ မောက်စီရင်စု၊ တျယ်ရှိမြို့၌ ၂၄ ဇွန် ၂၀၁၇ နံနက် ၅ နာရီ ၃၈ မိနစ်တွင် မြေပြိုမှု ဖြစ်ပွားသည်။ ရှင်းမောရွာ၌ အိမ်ခြေ အလုံး ၄၀ ပျက်စီးကာ လူ ၁၅ ဦး သေဆုံးပြီး၊ ၂၆ ဇွန်အထိ ၉၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ တွင် ဒုတိယအကြိမ် ‌အသေးစား မြေပြိုရာ ကယ်ဆယ်ရေး နှောင့်နှေးရသည်။

၂၀၁၇ ဆီရာလီယွန် ရွှံ့ဖုံးလွှမ်းမှုများ

သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၇ ခုနှစ် ဩဂုတ် ၁၄ ရက် နံနက်အစောပိုင်းတွင် ဆီရာလီယွန်နိုင်ငံ၏ မြို့တော် ဖရီးတောင်းမြို့နှင့် အနီးတစ်ဝိုက်၌ အကြီးအကျယ် ရေဖုံးလွှမ်းမှုများနှင့် ရွှံ့နွံဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။

အရေအတွက် အတိအကျ မသိရသေးသော်လည်း ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေမှာ ၄၀၀ ဝန်းကျင်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။ လူ ၃၀၀၀ ကျော်မှာ နေအိမ်များကို စွန့်ခွာခဲ့ရပြီး ရွှံနွံများကြောင့် အဆောက်အဦ ရာပေါင်းများစွာ ပျက်စီးခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်သော မြို့၏ အခြေအနေ၊ အခြေခံအဆောက်အဦ အားနည်းမှုနှင့် ရေစီးရေလာ မကောင်းမွန်မှုများက ပုံမှန် စိုစွတ်သည့် မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့သည်။

ဒေသခံ အဖွဲ့အစည်းများနှင့် အမေရိကန် ကြက်ခြေနီအသင်းတို့က အစောပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံတကာမှလည်း အကူအညီများ ထောက်ပံ့ပေးခဲ့ကြသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.