စွယ်စုံကျမ်း

စွယ်စုံကျမ်းဆိုသည်မှာ အားလုံးသောဘာသာရပ်များကို ဖော်ပြရှင်းလင်းထားသော စာအုပ်အစုအဝေး တစ်ခုဖြစ်သည်။ အက္ခရာစဉ်လိုက် အကြောင်းအရာတွေကို ဖော်ပြထားသည်။ အေဒီ ၁ ရာစုမှ ဖလင်းနီးဆိုသူ ရောမမြို့သား ရေးသားခဲ့သော သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးသည် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။ ထိုစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးဟု ခေါ်ဝေါ်ကြသည်။ အတွဲပေါင်း (၃၇)တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်သည်။ အတွဲပေါင်း (၅၀၂၀)ပါဝင်သော အကြီးမားဆုံး စွယ်စုံကျမ်းကြီးမှာ တတိယအကြိမ် ပြုစုထားသော တရုတ်စွယ်စုံကျမ်းကြီး ဖြစ်သည်။ အက္ခရာစဉ်အလိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားသော စွယ်စုံကျမ်းကို ၁၇၀၄-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဓမ္မဆရာတစ်ဦး ဖြစ်သော ဂျွန်ဟာရစ်က ရေးသားခဲ့သည်။ စွယ်စုံကျမ်း အမည်မှာ တစ်လောကလုံးဆိုင်ရာ ဝိဇ္ဇာနှင့် သိပ္ပံ အင်္ဂလိပ် အဘိဓာန် ဖြစ်သည်။[၁]

လောကဓမ္မ၊ သိပ္ပကုံလုံ၊ ကျမ်းစွယ်စုံ ရှေးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတပါဝင်သောကျမ်းကို စွယ်စုံကျမ်းဟူ၍ အမည်မှည့်ခေါ်ခဲ့ ကြသည့်နည်းတူ ယခုခေတ်တွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များ စုပေါင်းပါဝင်သော အင်္ဂလိပ်ဘာသာဖြင့် Encyclopedia ဟူသည့် ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။

ဗဟုသုတ အမျိုးမျိုးတို့ကို ဗဟုသုတရှာမှီးသူတို့ လွယ်လင့်တကူ ရှာဖွေဖတ်ရှု၍ အကိုးအကား ပြုနိုင်ကြစေခြင်းငှာ စုဆောင်းရေးသား ပြုစုထားသောကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် 'Encyclopedia'ဟု ခေါ်လေသည်။ လူတို့သည် မိမိနှင့် တကွ မိမိပတ်ဝန်းကျင်ကို သိလိုသောဆန္ဒဖြင့် သိမှတ်ပြုဖွယ်ရာတို့ကို ရှာဖွေစူးစမ်း၍ စာများကို ရေးသားကြလေသည်။ ဤ သည်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် လူတို့သိလိုသော ဗဟုသုတအချက်အလက်တို့ကို အလွယ်တကူ ရှာဖွေရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဗဟုသုတအမျိုးမျိုးနှင့် ဆိုင်ရာ အချက်အလက်များကို စုဆောင်း၍၊ လူတို့ လွယ်လင့်တကူဖတ်ရှု ကိုးကားနိုင်ကြစေရန် စွယ်စုံကျမ်းဟူသည်ကို ပြုစုကြရသည်။ စွယ်စုံကျမ်းသည် လူ တိရစ္ဆာန် အရာဝတ္ထုတို့နှင့် တကွ ယင်းတို့တည်ရှိရာ နေရာဒေသအကြောင်းတို့ကို ဖော်ပြပေးသည်။ ထို့ကြောင့် စွယ်စုံကျမ်း၏ အခြေခံသဘောကား လူတို့က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲဟူ၍ မေးလိုက်သော မေးခွန်းတို့ကို အဖြေရှာပေးရသည့် သဘောပင်ဖြစ်၏။

Brockhaus Lexikon
၁၉၀၂ ခုနှစ် ထုတ်ဝေသော Brockhaus Konversations-Lexicon

စွယ်စုံဟု မှည့်ခေါ်ရခြင်းအကြောင်း

'အင်စိုင်ကလိုပီးဒီးယား'ဟူသော စကားသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များကို သင်ကြားပေးခြင်းဟူသော အနက်အဓိပ္ပါယ်ရှိသည်။ ဤသဘောသည် ပညာဗဟုသုတအရာ၌ နှစ်ဖက်စွယ်စုံ ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ မြန်မာ့ဂန္တဝင်တွင် ကျည်းကန်ရွာ၌ သီတင်းသုံးသော အရှင်နန္ဒဓဇ သာမဏေသည် သက္ကရာဇ် ၁၁၅၈ခု နှစ်တွင် ပုစ္ဆာပေါင်းတစ်ထောင့်တစ်ရာပါဝင်သော စွယ်စုံကျော်ထင်အမည်ရှိ ပုစ္ဆာကျမ်းကို ပြုစုခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ကျည်းကန်ရှင်ကြီးဟု တွင်၏။


ဤသို့ရေးသားရာ၌ ဆရာတော်ဘုရားသည် 'လောက ဓမ္မ၊ သိပ္ပကုံလုံ၊ ဉာဏ်စွယ်စုံ ဖြစ်စေခြင်းငှာ'ဟူ၍ ရည်ရွယ်ချက်ကို ပြဆိုခဲ့သည်။ ထိုပြဆိုခဲ့သော ရည်ရွယ်ချက်အတိုင်း စွယ်စုံကျော်ထင်ကျမ်းမှာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတတို့ဖြင့် ပြည့်ဝလျက်ရှိပေသည်။ ရှေးရိုးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်းတို့၌ စွယ်စုံဗဟုသုတရှိအောင် ရည်ရွယ်ချက်ထားကြဘိသကဲ့သို့ အနောက်နိုင်ငံတွင်ရှိသော ဗဟုသုတလိုလားသူ ပညာရှင်တို့သည်လည်း သိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များ၌ စွယ်စုံဗဟုသုတရှိရန် ရည်ရွယ်ကြလေသည်။

ယခုခေတ်မြန်မာနိုင်ငံရှိ ဗဟုသုတရှာမှီးလိုသော ပုဂ္ဂိုလ်တို့သည်လည်း အနောက်တိုင်း နိုင်ငံသားတို့နှင့် အလားတူသိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များနှင့်ဆိုင်ရာ ဗဟုသုတအချက်အလက်ကို လေ့လာ ရှာမှီးလိုကြပေသည်။ ထို့ကြောင့် လောက၊ ဓမ္မ နှစ်ချက်ပြည့်စုံခြင်းကြောင့် စွယ်စုံဟုခေါ်ဝေါ်ခဲ့သည်ကို အစွဲပြု၍၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှစ်ချက် ပြည့်စုံခြင်း၏ သဘောကိုယူပြီးလျှင်၊ 'အင်စိုင်ကလိုပီးဒီးယား' ဟူသော ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။

စွယ်စုံကျမ်းဂန္ထဝင်

အနောက်နိုင်ငံသားတို့၏ အဆို၌၊ လောက၌ရှိသော ဗဟုသုတအရပ်ရပ်တို့ကို ကျမ်းစဉ်များဖြင့် ပထမဦးစွာရေးသားပြုစုသူမှာ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) ဖြစ်သည်ဟု ဆိုသည်။ အရစ္စတိုတယ်ကို အနောက်တိုင်းသားတို့က 'စွယ်စုံကျမ်းတို့၏ဖခင်' ဟုသမုတ်ကြသည်။

သို့ရာတွင် ပညာစွယ်စုံကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က တရုတ်နိုင်ငံ၌ ပြုစုကြသည်ဟု တရုတ်ယဉ်ကျေးမှု သုတေသီ ပုဂ္ဂိုလ်တို့က ဆိုကြသည်၊ အချို့ကမူ ထိုကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က ပြုစုသည်ဟုပင်ဆိုကြသေး၏။ မည်သို့ပင်ဆိုစေကာမူ၊ တရုတ်ဘာသာအားဖြင့် 'အားယား'ဟုခေါ်သော အဆိုပါစွယ်စုံကျမ်းမှာ ရှေးဦးပေါ် စွယ်စုံကျမ်းအဖြစ်ဖြင့် ယနေ့တိုင်ထင်ရှားလျက်ရှိ သည်။ ယင်းကျမ်းတွင် ရှေးပညာရှိများ ပြုစုထားသော စာပေများမှ ကောင်းနိုးရာရာဗဟုသုတအရပ်ရပ်တို့ကို ထုတ်နုတ်၍ စုပေါင်းရေးသားပြုစုထားသည်။ ထိုခေတ်အခါလောက် တွင်ပင် အိန္ဒိယပြည်၌ ဗေဒကျမ်းကြီးများ ပေါ်ထွန်းခဲ့သည်။ ယင်းကျမ်းတို့မှာ သာမ၊ ယဇု၊ ဣသျှူ၊ အာတပ္ပနဟူလေသည်။ ဘီစီ ၁ဝဝဝ ခေတ်မတိုင်မီ ပေါ်ပေါက်သည်ဟု ပညာရှင်တို့ ခန့်မှန်းကြသည်။ ထိုဗေဒကျမ်းတို့တွင် ယဇ်ပူဇော်နည်း အကြောင်းများသာမက၊ ရှေးဂီတများနှင့် ထိုခေတ်က ထွန်းကားလျက်ရှိသော အယူအဆများလည်း ပါဝင်သည်။ ဗေဒကျမ်းတို့သည် လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတစွယ်စုံကျမ်းများဖြစ်၏။ ယခင်ကဆိုခဲ့သော အယ်ရစ္စတိုတယ်၏ စွယ်စုံကျမ်း၌မူ အာကာသကြောင်း၊ မိုးလေဝသအကြောင်း၊ တိရစ္ဆာန်များအကြောင်းစသည့် သုတေသနပြုထားသော အချက် အလက်တို့ ပါဝင်ကြသည်။

စွယ်စုံကျမ်းစီစဉ်ပုံများ

ခရစ် ၁၄ဝဝ ပြည့်နှစ်မှအစပြု၍ စွယ်စုံကျမ်း၌ ဗဟုသုတအချက်အလက်တို့ကို အစီအစဉ်ဖြင့် စနစ် တကျရေးသားသည့် နည်းနိဿယတို့သည် တိုးတက်ကောင်းမွန်လာခဲ့သည်။ ပမာအားဖြင့်၊ ၁၄၈၁ ခုနှစ်တွင် ကက္ကစတန်ထုတ်ဝေသော စွယ်စုံကျမ်းမှာ အကိုးအကားအတွက် အသုံးကျသောကျမ်းဖြစ်သည်။ စွယ်စုံကျမ်းတွင် ရုပ်ပုံများထည့်သွင်းလာသည်မှာ ဤကျမ်းသည် ပထမဖြစ်သည်ဟု ဆိုရမည်။ သို့သော် ၁၅၄၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဗားလမြို့မှ ရင်းဂဲလဗတ်ပြုစုသော စွယ်စုံကျမ်း ပေါ်ထွက်လာမှပင် 'အင်စိုင်ကလိုပီးဒီးယား' ဟူသော အသုံးအနှုန်းကို ပထမတွေ့ရသည်။ ၁၅ဝ၆ ခုနှစ်တွင် အီတလီ၌ ထုတ်ဝေသော ရက်ဖာအယ်လီ မတ်ဖဲ၏ စွယ်စုံကျမ်း၌ လူပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် အညွန်းစနစ်တို့ကို ပထမဦးစွာ တွေ့ရသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဖရန်းစစ်ဘေကင်ပြုစုသော စွယ်စုံကျမ်းမှာ ဗဟုသုတ အဝဝတို့ကို အမျိုးအစားအလိုက် အခန်း ကဏ္ဍခွဲ၍ပြဆိုရာတွင် ပထမဟုဆိုကြသည်။ ၁၇ဝ၄ ခုနှစ်၌ ဂျွန်ဟဲရစ်ဆိုသူပြုစုသော ဝိဇ္ဇာနှင့် သိပ္ပံစွယ်စုံကျမ်း၌ကား၊ အညွှန်းစနစ်ကို အက္ခရာဝလိနည်းနှင့် ညွှန်းသည့်အပြင်၊ ကျမ်းကိုးစာရင်းကိုလည်း ပြဆို၍၊ တတ်ကျွမ်းသူ ပညာရှင်တို့ ကိုယ်တိုင်ရေးသားပေးသော စာကိုယ်များပါဝင်လေသည်။

၁၇ဝ၄ ခုနှစ်၌ပင် ဂျာမနီနိုင်ငံ၌ ပေါ်ပေါက်သော စွယ်စုံကျမ်းမှာကား၊ အကြောင်းရပ်တို့ကို ရေးသားသော ပညာရှင်အများတို့၏ ဆောင်းပါးချည်းသက်သက်ဖြင့် ရေးသားပြုစုသောကျမ်း ဖြစ်၍၊ ယင်းသို့ ဆောင်းပါးအများကို စွယ်စုံကျမ်းအဖြစ် ထုတ်ဝေသည်မှာ ပထမပင်ဖြစ်ပေသည်။ ၁၇၂၈ ခုနှစ်တွင် အိဖရိမ် ချိမ်းဗားက ထုတ်ဝေသော 'စိုင်ကလိုပီးဒီးယား'ခေါ် စွယ်စုံကျမ်းကား၊ အပြန်အလှန်ညွှန်းသောစနစ်ကို ပထမဦးစွာ အသုံးပြုသည့်ကျမ်း ဖြစ်ပေသည်။

ဘာသာစကားအလိုက် စွယ်စုံကျမ်းများ

လက်တင်ဘာသာစွယ်စုံကျမ်းများ

ထို့နောက်၌ကား၊ ဘီစီ ၃ဝ ခန့်တွင် မားကပ် တယ်ရင် ရှီယပ်ဗယ်ရို(ဘီစီ ၁၁၆-၂၇)သည် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ ပါဝင်သော စွယ်စုံကျမ်းကို အတွဲ ၉ တွဲဖြင့် ရေးသားစီရင်ခဲ့သည်။ အေဒီ၇ဝခုနှစ်ခန့်တွင် ပလင်နီသည် 'သဘာဝသမိုင်း' အမည်ရှိသော ကျမ်းကို အတွဲပေါင်း ၃၇ တွဲ၊ အခန်းပေါင်း ၁၄၉၃ ခန်းတို့ဖြင့် ရေးသားခဲ့သည်။ ၅ ရာစုအတွင်းတွင် မာတီယာနပ် ကပဲလားသည် စာသင်သားတို့ နှုတ်ငုံဆောင်ရန် လွယ်ကူသော ဗဟုသုတကျမ်းကို ကဗျာဖွဲ့၍ စီရင်ခဲ့သည်။ ထိုကျမ်း၌ သဒ္ဒါနည်းမှစ၍၊ ဂီတ အနုပညာထိ အမျိုးမျိုးသော ပညာရပ်တို့ ပါဝင်သည်။ ခရစ် ၆ဝဝ မှ ၆၃ဝ ပြည့်နှစ် အကြားတွင် အိဇီဒို အမည်ရှိသော ခရစ်ယန်ဘုန်းတော်ကြီးသည် ဗဟုသုတကျမ်းကိုပြုစုရာ၊ ထိုကျမ်းကို ၉ ရာစုနှစ် ကျမ်းပြု ပုဂ္ဂိုလ်တို့က မှီးယူကြရသည်။ ထို့နောက်၌လည်း ခရစ်ယန်ဘုန်းတော်ကြီးနှင့် လူပုဂ္ဂိုလ်များသည် စွယ်စုံကျမ်း သဘောသက်ရောက်သည့် ကျမ်းအမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည်။ သို့သော် ထိုကျမ်းများမှာ များသောအားဖြင့် လက်တင်ဘာသာနှင့်သာရှိသည်။

တစ်ခါတစ်ရံ ဂရိဘာသာဖြင့် ရေးသားသော ကျမ်းများပေါ်ပေါက်ခဲ့သည်။ သို့သော် အကြောင်းရပ်ဟူသမျှတို့ကို စနစ်တကျ အခန်းပိုင်းခြား၍ ရေးသားထားသည်မဟုတ်ချေ။ ခရစ် ၁၂၆ဝ ပြည့်နှစ်သို့ ရောက်သောအခါမှ၊ ဗင်းဆင့်ဆိုသူသည် 'ကြေးမုံပြင်ကြီး'ဟူသော ကျမ်းကို စနစ်တကျအခန်းခွဲ၍၊ လက်တင်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပအလယ်ခေတ်၌ ထွက်ပေါ်လာသော စွယ်စုံကျမ်းတို့မှာ လက်တင်ဘာသာဖြင့်သာများပေသည်။

တရုတ်စွယ်စုံကျမ်းများ

၁၄ ရာစုနှစ်အတွင်းတွင် တရုတ်ပြည်၌လည်း မာတွာလင် ဆိုသူ တရုတ်ပညာရှိသည် စွယ်စုံကျမ်းတစ်စောင်ကို ပြုစုသည်။ ၁၅ ရာစုနှစ်၌မူ၊ ယွန်လိုဧကရာဇ်ဘုရင်၏ အမိန့်တော်ဖြင့် တရုတ်ပညာရှိများသည် စွယ်စုံကျမ်းကို ပြုစုသည်။ ယွန်လို၏ ရည်ရွယ်ချက်မှာ ကွန်ဖူးဇီး၏ အဆုံးအမများ၊ ရာဇဝင်များ၊ ယထာဘူတပညာရပ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ စသည် တို့ကို တစ်ပေါင်းတည်းပြုစုစေရန်ဖြစ်၏။

သို့သော် ထိုကျမ်းမှာစာအုပ်ပေါင်း ၂၂၉၄၇ အုပ်ရှိသည်ဖြစ်၍၊ ယင်းအနက်သုံးအုပ်မျှကိုသာ ပုံနှိပ်နိုင်ခဲ့ရာ၊ မင်မင်းဆက် ကုန်ဆုံးသောအခါ၊ နှစ်အုပ်မှာ ပျောက်ပျက်သွားပြီးလျှင် ဗောက်ဆာသူပုန် ထသောခေတ်၌ ကျန်တစ်အုပ်လည်း ပျောက်ပျက်သွားလေသည်။ ၁၈ ရာစုနှစ်ဦး၌ကား၊ တရုတ်ဧကရာဇ် ဘုရင် ကန်ရှီး၏ အမိန့်အရ အတွဲပေါင်း ၅ဝ၂ဝ ရှိသော စွယ်စုံကျမ်းကိုပြုစု၍၊ ကန်ရှီးဘုရင်အား ဆက်ခံသူ ယွန်ချင်း (ခရစ် ၁၇၂၃-၃၅ ခုနှစ်)လက်ထက်တွင် ထုတ်ဝေသည်။ ထိုစွယ်စုံကျမ်း အတွဲပေါင်း ၇ဝဝ တို့ကို ဗြိတိသျှပြတိုက်တွင် ယနေ့တိုင်ပြထားလေသည်။

ပြင်သစ်စွယ်စုံကျမ်းများ

ယခင်ကဖေါ်ပြခဲ့သော ချမ်းဗား၏ 'စိုင်ကလိုပီးဒီးယား' စွယ်စုံကျမ်းကို ပြင်သစ်တို့က ပြင်သစ်ဘာသာသို့ ပြန်ဆိုကြသည်။ ထိုစွယ်စုံကျမ်း နမူနာကိုယူ၍ ဒီးဒရိုးသည် ၁၇၅၁-၁၇၇၂ ခုနှစ်အတွင်း အတွဲပေါင်း ၂၈ တွဲရှိသော ပြင်သစ်စွယ်စုံကျမ်းကြီး ပေါ်ပေါက်လာသည်။ ၁၉၂၈ ခုနှစ်၌မူ လာရုဆ ဆိုသူပြုစုသော ၂ဝ ရာစု စွယ်စုံကျမ်းဟူ၍ ပြင်သစ်ဘာသာဖြင့် ပေါ်ထွက်လာသည်။

ဂျာမန်စွယ်စုံကျမ်းများ

ဂျာမနီနိုင်ငံတွင် ၁၇၃၂ ခုနှစ်မှ ၁၇၅ဝ ပြည့်နှစ်အထိ အတွဲပေါင်း ၆၄ တွဲရှိသော 'ယူနီဗာဆယ် လက္ကဇီကွန်'ခေါ် စွယ်စုံကျမ်းကို ဇက်ဒလာဆိုသူပြုစုသည်။ ယင်းကျမ်းတွင် ထိုခေတ်က အသက်ထင်ရှား ရှိသူများ၏ အတ္ထုပ္ပတ္တိများ ပါဝင်သည်။ ထို့ပြင် ၁၇၉၆ ခုနှစ်၌၎င်း၊ ၁၈၈၁ ခုနှစ်၌၎င်း၊ ပညာရှင်အသီးသီးတို့က ဂျာမန်စွယ်စုံကျမ်းကို ပြုစုကြသည်။

အင်္ဂလိပ်စွယ်စုံကျမ်းများ

ယခင်ကပြဆိုခဲ့ပြီးသော အင်္ဂလိပ်စွယ်စုံကျမ်းများအပြင်၊ ယခုခေတ်တွင် အကိုးအကားပြုရန် ကျမ်းများအနက် အလွန်ထင်ရှားသော အင်္ဂလိပ်စွယ်စုံကျမ်းမှာ 'အင်စိုင်ကလိုပီးဒီးယား ဗြိတိနိကား' ဖြစ်လေသည်။ ယင်းကျမ်းကို ၁၇၆၈ ခုနှစ်မှသည် ၁၇၇၁ ခုနှစ်အတွင်း အတွဲ ၃ တွဲဖြင့် ပထမဦးစွာ စကော့တလန်နိုင်ငံ အက်ဒင်ဗာရာမြို့တွင် ရေးသားပြုစု ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ၁၇၇၈ ခုနှစ်မှသည် ၁၇၈၃ ခုနှစ် အတွင်း၊ ဒုတိယတည်းဖြတ်သော ပုံနှိပ်ထုတ်ဝေသည်။

အမေရိကန်စွယ်စုံကျမ်း

အမေရိကန်ပြည်ထောင်စု၌ကား၊ ၁၈၂၉ ခုနှစ်မှ ၁၈၃၃ ခုနှစ်အတွင်း အမေရိကန်စွယ်စုံကျမ်းကို 'အင်စိုင်ကလိုပီးဒီးယား အမေရိကားနား'ဟူသောအမည်ဖြင့် ပြုစုထုတ်ဝေခဲ့လေသည်။

ဆိုဗီယက်ရုရှစွယ်စုံကျမ်း

ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၂၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ၂၂ နှစ်တိုင်တိုင်ပြုစုခဲ့သော 'ဗိုလရှာယာ ဆိုဗီယက်စကာယာ အင်စိုင်ကလိုပီးဒီးယား'မှာ ယနေ့တိုင်များစွာထင်ရှားလေသည်။ ယခုအခါ နိုင်ငံအသီးသီးတွင် စွယ်စုံကျမ်းများကို အမည်အမျိုးမျိုးဖြင့် ထုတ်ဝေလျက် ရှိကြသည်။ အထူးသဖြင့် ကလေးများအတွက် ရည်ရွယ်၍၊ ရုပ်ပုံပေါင်းများစွာပါဝင်သည့် စွယ်စုံကျမ်းတို့မှာ များစွာ ခေတ်စားလျက်ရှိသည်။

လက်တင်မှ တိုင်းရင်းဘာသာများသို့

ဥရောပနိုင်ငံတွင် မူလက စွယ်စုံကျမ်းကို ပြုစုကြရာ၌ လက်တင်ဘာသာဖြင့်သာ ပြုစုကြသည်။ သို့သော် ၁၄ ရာစုနှစ်မှ လွန်လာသောခေတ်သို့ ရောက်သော်၊ စွယ်စုံကျမ်းများကို ဥရောပနိုင်ငံ အသီးသီးတို့က မိမိတို့၏ တိုင်းရင်းဘာသာစကားဖြင့် ပြုစုလာကြ၏။ သာဓကအားဖြင့်ပြလျှင်၊ အင်္ဂလန်နိုင်ငံတွင် ဗာသော လိုမျူဒီ ဂလန်ဗီးသည် ၁၃၆ဝ ပြည့်နှစ်၌ စွယ်စုံကျမ်းတစ်ခုကို လက်တင်ဘာသာဖြင့် ပြုစုခဲ့သည်။ ယင်းကျမ်းကို ၁၃၉၈ ခုနှစ်တွင် ဂျွန်ထရေဗီဇာဆိုသူက အင်္ဂလိပ်ဘာသာ ပြန်ဆိုလေသည်။

မြန်မာ့စွယ်စုံကျမ်း

မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်မှ ထုတ်ဝေသည်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ပြုစုသည်။ မြန်မာ့စွယ်စုံကျမ်းတွင် အကြောင်းရပ်ပေါင်း ၄ဝဝဝ ခန့် ပါရှိသည်။ စွယ်စုံကျမ်းတစ်တွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစဉ်ထားရာ၊ အတွဲပေါင်း ၁၅ တွဲရှိသည်။

ကလေးစွယ်စုံကျမ်း

ယခုခေတ်၌ ကလေးလူငယ် လူရွယ်တို့၏ ပညာရေး အရေးကြီးပုံကို လူတို့သည် ပိုမိုလေးစားလာကြပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းကလေးလူငယ်တို့အဖို့လည်း စွယ်စုံကျမ်းသည် အရေးကြီးသည်ဟု သဘော ပေါက်ကြပြီးဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ၁၉ဝ၈ ခုနှစ်ကအစပြု၍ 'ကလေးစွယ်စုံကျမ်း'ဟူ၍ ပေါ်ပေါက်ခဲ့ သည်။ ၁၉၁ဝ ပြည့်နှစ်၌ အမေရိကန်နိုင်ငံမှနေ၍ 'ဗဟုသုတကျမ်း' ဟူသောအမည်ဖြင့် စွယ်စုံကျမ်း ပေါ်ပေါက်လာပြန်သည်။ ကျောင်းသားသုံးအတွက် စွယ်စုံကျမ်းကိုမူ၊ ၁၈၉၃ ခုနှစ်တွင် 'ကျောင်းသား စွယ်စုံကျမ်း' ဟူသောအမည် ဖြင့် အင်္ဂလန်တွင်ထုတ်ဝေခဲ့ရာ၊ ၁၉၂၂ ခုနှစ်၌ ယင်းကိုပင် 'ကွမ်ပတန်၏ ရုပ်စုံ စွယ်စုံကျမ်း'ဟူသောအမည်သစ်ဖြင့် ပြန်လည်တည်းဖြတ် ထုတ်ဝေခဲ့ပြန်သည်။ ယခုခေတ်တွင် ကလေး တို့အဖို့ စွယ်စုံကျမ်းတို့၌ ရုပ်ပုံ ဓာတ်ပုံစသည်တို့ မပါဘဲမရှိချေ။ ဗြိတိသျှစွယ်စုံကျမ်းကို ထုတ်ဝေသူတို့သည် ပင်လျှင် ၁၉၃၄ ခုနှစ်မှအစပြု၍၊ ရုပ်ပုံဓာတ်ပုံတို့ပါဝင်သော ကလေးများအတွက် 'ဗြိတန္နိကား ဂျူနီယာ'ခေါ် စွယ်စုံကျမ်းကို ထုတ်ဝေလျက်ရှိသည်။

အွန်လိုင်းစွယ်စုံကျမ်းများ

စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုပ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ပေါ်လာသည်။ နာမည်ကျော် ဝီကီပီးဒီးယား ဟုခေါ်သော အင်တာနက်အခမဲ့ စွယ်စုံကျမ်းကို အင်္ဂလိပ်ဘာသာအသုံးပြုသူ များစွာ အခမဲ့ကြည့်ရှု၊ တည်းဖြတ်နိုင်သည်။ ၂ဝ၁၅ တွင် အချက်လက်ပေါင်း ၄.၉ သန်းကျော် ရှိသည်။ အခြားဘာသာ ဝီကီပီးဒီးယားများလည်း အချက်အလက်တစ်သန်းကျော် ရှိသည်။ ဥပမာ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ ရုရှား၊ ဗီယက်နမ် စသည့် ဘာသာရပ်များဖြစ်သည်။

တရုပ်နိုင်ငံမှ Baidu Baike (အချက်အလက် ၅.၃သန်း 2012) နှင့် Hudong (အချက်အလက် ၆.၄သန်း 2012) တို့သည် သီးသန့်ပေါ်ထွက်လာသော အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းများ ဖြစ်သည်။ ကိုးရီးယားစကားဖြင့် Encyber အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းသည် နံပါတ်(၁)ဖြစ်နေသည်။

ကိုးကား

  1. ၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပေလောက) ခင်မောင်ဇော်၏ တီထွင်မှုများ စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
ကနီမြို့

ကနီမြို့ သည် အောက်ချင်းတွင်းခရိုင် ယင်းမာပင်နယ်တွင်ပါဝင်၍ ကနီမြို့နယ် မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်ခဲ့သည်။ ယခုအခါ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၏ မြို့ အဖြစ်ပြောင်းလဲ သတ်မှတ်ထားသည်။ ရှေးအခါက ကနီမြို့ကို ကန္နီမြို့ဟု စာလုံးပေါင်းရေးသားသည်။ ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိ၍ ပခုက္ကူမြို့မှ ၁ဝ၄ မိုင်ခန့်ဝေးကွာသည်။ မြောက်ဘက်တွင် မင်းကင်းမြို့နယ်၊ အရှေ့ဘက်တွင် ဘုတလင်မြို့နယ်များရှိပြီးလျှင် အနောက်ဘက်၌ ပုံတောင်တောင်တန်းကြီးရှိသည်။ မြို့နယ်အတွင်းသို့ ချောင်းငယ်မြောင်းငယ်များ အများအပြားပင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ကနီမြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၇၃၆ ခန့်ရှိသော်လည်း ရှေးမြန်မာမင်းများလက်ထက်က ကနီမြို့နယ်လောက် မကျယ်ဝန်းချေ။ မြို့၏မြောက်ဘက်တွင် ပေ ၂ဝဝ ခန့်မြင့်သော ရွှေမြင်းဖြူတောင်ကုန်းရှိသည်။ ထိုကုန်းမှာ ရှေးက မြို့တော်ဟောင်းနေရာဖြစ်သည့်အလျောက် ကျုံးနေရာနှင့် မြို့ရိုးဟောင်းများကို ယခုတိုင်တွေ့မြင်နိုင်သေးသည်။

ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် ကနီမြို့၌ မြို့စားထားရှိ၍ ကနီနော်ရထာဘွဲ့နှင့် အုပ်ချုပ်စေခဲ့သည်။ တစ်ရံရောအခါ၊ ကနီနော်ရထာ ပုန်ကန်သောကြောင့် ဘုရင့်တပ်သားများက လိုက်လံတိုက်ခိုက်ရာ ကနီနော်ရထာသည် ကုန်းမြင့်ပေါ်မှ မြင်းဖြူကို ကဆုံချစီးပြီးလျှင် မြစ်တွင်းသို့ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်လေသည်။ မြန်မာနိုင်ငံတွင် ယခုအခါ ကျော်ကြားလျက်ရှိသော ၃၇ မင်းအဝင်အပါ မြင်းဖြူရှင်နတ်မှာ ကနီနော်ရထာနတ်ဖြစ်သည်ဟု ဆိုကြသည်။ သီပေါမင်းတရားလက်ထက်က ကနီမြို့စားမှာ ဒိုင်းခင်ခင်၏ဖခင် ဒိုင်းဝန်မင်းပင်ဖြစ်သည်။

အင်းဝခေတ်တွင် မြို့စား၊ မြို့သူကြီးများထာ၍ အုပ်ချုပ်စေခဲ့သည်။ ကုန်းဘောင်ခေတ်တွင် မြို့ဝန်တစ်ဦး ခန့်ထားအုပ်ချုပ်ခဲ့သည်။ ကနီမြို့ဝန်များမှာ ဦးမိုး၊ နေမျိုးရဲခေါင်ကျော်ထင်၊ ဦးဝိုက်၊ ဦးဖိုးအို၊ မဟာမင်းလှမင်းထင်ရာဇာ၊ ဦးရွှေအောင် စသူတို့ဖြစ်သည်။ နောက်ဆုံးကနီမြို့ဝန်ဦးရွှေအောင်သည် ဗြိတိသျှလက်အောက်သို့ ခိုလှု့ခဲ့ရာ မြန်မာမျိုးချစ်တို့၏ လုပ်ကြံခြင်းခံခဲ့ရသည်။ ကနီမြို့မှ ထင်ရှားကြော်ကြားသူစာပေပညာရှင်တစ်ဦးမှာ ကနီဦးလူညွန့်ဖြစ်သည်။ ကနီဦးလူညွန့်သည် ကနီမြို့ဝန်၏သား ဖြစ်ပြီး စာပေ၊ ဂီတပညာရှင်ကြီးဖြစ်သည်။

၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရ ကနီမြို့၏လူဦးရေမှာ ၂၆ဝဝ မျှသာဖြစ်သည်။ ကနီမြို့သို့ ရထားလမ်းမပေါက်သော်လည်း မြစ်တွင်းသင်္ဘောများ သွားလာဆိုက်ကပ်လျက်ရှိ၏။ မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသူလူများစုမှာ လယ်ယာကိုင်းကျွန်းများကို လုပ်ကိုင်ကြပြီးလျှင် ဆန်စပါး၊ ပဲ၊ နှမ်းနှင့် ပြောင်းအမျိုးအမျိုးတို့ကို စိုက်ပျိုးကြသည်။ မြို့မြောက်ဘက်ရှိ ပုံတောင်တောင်တန်းတွင် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးစသော သစ်မာနှင့် ဝါးအမျိုးမျိုးတို့ထွက်သဖြင့် အစိုးရသစ်တောကြိုးဝိုင်းများလည်းရှိသည်။ ထိုသစ်တောကြီးများကို အမှီပြုလျက် သစ်တောထွက်ပစ္စည်းများနှင့် သက်မွေးဝမ်းကျောင်းပြုသူများလည်း ရှိကြသည်။ (မြန်မာ့စွယ်စုံကျမ်းတွင် ကနီမြို့ ကို ကန္နီမြို့ ဟုရေးသားထားသည်။)

ကန္နီမြင်းဖြူရှင်

ကန္နီမြင်းဖြူရှင်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။

ခေါပျဉ်

ခေါပျဉ် သည် ကောက်ညှင်းနှင့် လုပ်ထားသော မြန်မာမုန့် တစ်မျိုးဖြစ်သည်။

စာပေဗိမာန်

မူလက မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း ဟူသော အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောင်တွင် စာပေဗိမာန် ဟူသော အမည်ဖြင့်သာ ထင်ရှားသည့် စာပေလုပ်ငန်း ဆိုင်ရာ ဌာနဖြစ်လာခဲ့သည်။ စာပေဗိမာန်ကို အင်္ဂလိပ်ဘာသာဖြင့် (Palace of Literature)ဟု အဓိပ္ပါယ်ပြန်ဆိုသည်။ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း ကို ၁၉၄၇ ခု၊ ဩဂုတ်လ (၂၆) ရက်နေ့ တွင် စတင်ဖွဲ့စည်းသည်။ အသင်းအဖွဲ့ ပုံစံဖြင့် စတင်ဖွဲ့စည်းခြင်း ဖြစ်သည်။

စိန်ဖြူ

စိန်ဖြူ (စိန်သတ္တုဟူ၍ မြန်မာ့စွယ်စုံကျမ်းအတွဲ-၄တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။)အား အင်္ဂလိပ်ဘာသာဖြင့် အာဆင်းနစ်(Arsenic) ဟု ခေါ်ဆိုကြသည်။ ဓာတုဗေဒသင်္ကေတမှာ As ဖြစ်သည်။ အဝါ၊ အနက်၊ မီးခိုးဟူသော သုံးမျိုးစပ်အရောင်ဖြစ်ပြီး ငွေရောင်သမ်းနေသော ကြွပ်ဆတ်သည့် ပုံဆောင်ခဲအနေဖြင့် တွေ့ရပါသည်။ သံမဏိရောင် ခပ်မွဲမွဲရှိ၍ သတ္တုကဲ့သို့ပြောင် လက်သော အခဲဖြစ်၏။ ခနောက်စိမ်းနှင့် ကြွပ်တို့ကဲ့သို့ပင် သတ္တုဟုလည်း မဆိုနိုင်၊ သတ္တုမဟုတ်ဟူ၍လည်း မဆိုနိုင်သော ကြားသတ္တုဒြဗ်စင်ဖြစ်၏။ သို့သော် သတ္တုမဟုတ်သော ဖော့စဖောရစ်နှင့် ပို၍နီးစပ်၏။ အာဆင်းနစ်ကို သယံဇာတအဖြစ်ဖြင့် ၎င်း၊ အထူးသဖြင့် ကန့်နှင့် ရောစပ်၍ တွေ့နေကျသတ္တုရိုင်းများ တွင်၎င်း တွေ့ရ၏။ အခြား ဒြပ်စင်များနှင့်လည်း အလွယ်တကူ ဓာတ်ပြုနိုင်ပါသည်။ အပူပေးသောအခါ အလွယ်တကူ ကြက်သွန်နံ့ရသော အာဆင်းနစ် ထွိုင်အောက်ဆိုဒ်(arsenic trioxide) အဖြစ်သို့ ပြောင်းလဲသွားပါသည်။ non metallic form ဓာတ်ပြုအား အလွန် နည်းသော်လည်း ပြင်းအားကောင်းသည့် အက်ဆစ်များ ထဲတွင် ပျော်ဝင်နိုင်ပါသည်။

တယ်လူရီယမ်

တယ်လူရီယမ် (Tellurium)(ဓာတုသင်္ကေတ-Te)သည် ရှားပါး‌သော ဒြပ်စင်တစ်မျိုးဖြစ်သည်။(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၅တွင် တယ်လျူရီယမ် ဟု စာလုံးပေါင်းသည်။) ယင်းကိုသယံဇာတ အဖြစ်ဖြင့် အများအပြား‌တွေ့ရသည်။ ၎င်း ဒြင်စင် သည် အရောင်တောက်ပပြီး ကျွတ်ဆတ်သော ပုံ ဆောင်ခဲအသွင်ရှိ ဒြပ်စင် တစ်ခုလည်းဖြစ်သည်။ တယ်လူရီယမ် ကို မဲပြာပြာအရောင် ရှိသော ပေါင်ဒါ မှုန့်အသွင်အဖြစ်လည်း တွေမြင်ရသည်။ ၎င်းတွင် သတ္တု နှင့် သတ္တုမဟုတ်သော ဂုဏ်သတ္တိ နှစ်မျိုးလုံး ပါဝင်သည်။ ထို ပြင် ‌ရွှေဖြင့်၎င်း၊ ‌ငွေဖြင့်၎င်း၊ ‌ကြေးနီဖြင့်၎င်း၊ ခဲဖြင့်၎င်း၊ အခြားသတ္တုများဖြင့်၎င်း တွင်းထွက်ပစ္စည်းရိုင်းများဖြင့်၎င်း ‌ပေါင်းစပ်လျက်လည်း ‌တွေ့ရသည်။ ၁၈ ရာစုနှစ် ‌နောက်ပိုင်းက ပင် တွင်းထွက်ပစ္စည်းရိုင်းတစ်မျိုး၌ ဒြပ်စင်သစ်တစ်ခုပါရှိ သည်ဟု ရိပ်စားမိခဲ့ကြသည်။ သို့ရာတွင် နှစ်‌ပေါင်း ၅၀ ‌ကျော် လွန်အခါမှသာ ဆွီဒင်လူမျိုး ဓာတု‌ဗေဒပညာရှင် ဗာဇီးလီယပ် ဆိုသူက ဤဒြပ်စင်သစ်သည် ကန့်နှင့် ဆီလီနီယမ်ဒြပ်စင်နှစ်ခု နှင့် ဂုဏ်သတ္တိများဆင်တူ‌ကြောင်း ပြနိုင်ခဲ့သည်။

‌နောင်အခါ၌ ဤ‌တွေ့ရှိမှုနှစ်ခုစလုံးပင် မှန်ကန်‌ကြောင်း သိရပြီးလျှင် ယင်းဒြပ်စင်သစ်ကို တယ်လျူရီယမ် ဟု အမည်‌ပေးသည်။ ထိုတယ်လျူရီယမ်ဒြပ်စင်သည် အလှည့်မှန်ဇယားတွင် ‌အောက်ဆီဂျင်၊ ဆာလဖာနှင့် ဆီလီနီယမ် အစု၌ပါဝင်၍ ထိုဒြပ်စင်တွင် သတ္တုမဟုတ်‌သော ဒြပ်စင်၏ ဂုဏ်သတ္တိများရှိသည်။ သို့‌သော် သတ္တုဒြပ်စင်၏ ဂုဏ်သတ္တိများ ကိုလည်းပြသည်။ ပွင့်ပုံအ‌နေ၌တည်‌သော တယ်လျူရီယမ်မှာ ‌ငွေ‌ရောင်ကဲ့သို့ ‌တောက်ပသည်။ တယ်လူရီယမ် ဒြပ်စင် သည် လေထုထဲတွင် လောင်ကျွမ်းသော အခါ စိမ်းပြာ ရောင် မီးတောက် နှင့်အတူ Tellurium Dioxide(တယ်လူရီယမ် ဒိုင်အောက်ဆိုဒ်) ဖြစ်ပေါ်စေသည်။ တယ်လူရီယမ် သည် ရေ နှင့် ဟိုက်ဒရိုကလိုရစ် အက်စစ် တို့ တွင်ပျော်ဝင်နိုင်ခြင်း မရှိပါ။ သို့သော် နိုက်ထရစ်အက်စစ် တွင် ပျော်ဝင်နိုင်သည်။

တိုက်ကြီးမြို့

တိုက်ကြီးမြို့သည် ရန်ကုန်မြို့၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ အင်းစိန်ခရိုင် တိုက်ကြီးနယ်နှင့် တိုက်ကြီးမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ပေါ်တွင် တည်ရှိ‌သောမြို့ ဖြစ်သည်။ ရန်ကုန်မြို့မှ အ‌နောက်‌မြောက်ဘက်သို့ ရထားလမ်းဖြင့် ၄၂ မိုင်မျှကွာ‌ဝေးသည်။ မြို့အ‌နေအထားမှာ မကြီးလှ‌သော်လည်း နယ်ကျယ်၍ လမ်းဆုံ‌ဒေသဖြစ်‌သော‌ကြောင့် အ‌ရောင်းအဝယ် စည်ကားသည်။ ရန်ကုန်မြို့ကို ‌ရေပေး‌သော ဂျိုးဖြူသို့ တိုက်ကြီးမှကားလမ်း ‌ဖောက်ထားသည်။ တိုက်ကြီးနယ်တွင် တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ပါဝင်ကြ၏။ တိုက်ကြီးမြို့ လူဦး‌ရေမှာ ၂၀၁၄ ခုနှစ် သန်း‌ခေါင်စာရင်းအရ ၂၇၇,၁၆၅ ‌ယောက် ရှိ‌လေသည်။

မြန်မာဝီကီပီးဒီးယား

မြန်မာဝီကီပီးဒီးယား သည် ဝီကီပီးဒီးယား၏ မြန်မာဘာသာ အင်တာနက် စွယ်စုံကျမ်းတစ်ခု ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း အသစ် တည်းဖြတ်ပုံနှိပ်မှုမလုပ်နိုင်မှီ ဝါသနာရှင်များက မြန်မာဝီကီပီးဒီးယား ကို ဝီကီပီးဒီးယားတွင် စတင်ခဲ့သည်။ မူလက ယူနီကုဒ် (၄.၀) ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် ယူနီကုတ်ဖောင့် ၅.၂ ဖြင့် ဆောင်းပါးပေါင်း ၄၄၉၅၀ ကို (စက်တင်ဘာ ၂၀၁၉ အထိ) ထည့်သွင်းထားပြီးဖြစ်သည်။

မြန်မာ့စွယ်စုံကျမ်း

မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်မှ ထုတ်ဝေသည်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ပြုစုသည်။ မြန်မာ့စွယ်စုံကျမ်းတွင် အကြောင်းရပ်ပေါင်း ၄ဝဝဝ ခန့် ပါရှိသည်။ စွယ်စုံကျမ်းတစ်တွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစဉ်ထားရာ၊ အတွဲပေါင်း ၁၅ တွဲရှိသည်။ အခြားနိုင်ငံများ၏ စွယ်စုံကျမ်းများနှင့် ရင်ဘောင်တန်းနိုင်ရန် ဘာသာရပ်ပေါင်းစုံ ပါဝင်ထားသည်။ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်များအပြင် မြန်မာနိုင်ငံ အကြောင်းအရာများစွာ ပါဝင်သည်။ ပညာရပ်အလိုက် ပညာရှင်များနှင့် အစိုးရဌာနများက တင်ပြခဲ့ကြသည်။ သက်ဆိုင်ရာ ပညာရှင်များကိုယ်တိုင် ရှာဖွေစုဆောင်း ရေးသားထားပါသည်။

မှန်နန်း ရာဇဝင်

ကုန်းဘောင်မင်းဆက် သတ္တမမြောက်မင်း ဖြစ်သော စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ရဟန်းပညာရှိ၊ လူပညာရှိတို့ကို ညှိုနှိုင်းတိုင်ပင်၍ ရာဇဝင် တစ်ဆောင်ကို ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို မောင်းထောင်ဆရာတော် လူထွက်ပညာရှိ အမတ်ကြီး မဟာဓမ္မသင်္ကြံအကြီးအမှူးအုပ်ချုပ်၍ ၁၁၉၁-ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်ကြီးတော်ကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် မှန်နန်းမဟာရာဇဝင်ကြီး ဟုခေါ်တွင်သည်။

ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃-ခုနှစ်၊ နတ်တော်လ(ခရစ်-၁၈၂၁-ခု၊ နိုဝင်ဘာလ) အထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထို့ကြောင့် မင်းတုန်းမင်းတရားလက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို ဒုတိယ မဟာရာဇဝင်တော် ဟု ခေါ်ဆိုလေသည်။

ရေးသားသော အဖွဲ့စာရင်း

ပထမ မှန်နန်းမဟာရာဇဝင်ကြီးကို

မုံရွေးဇေတဝန်ဆရာတော်

သော်ကပင်ဆရာတော်

မဟာဓမ္မသင်္ကြံ (ခြည်ပါ တောင်ရွာမြောက်ရွာစား)

မြင်းစုဝန်ကြီးဦးရောက်

ဗြဲတိုက်သံတော်ဆင့် ဦးချိန်

စာရေးတော်ကြီး ဦးဖျော်

ဘိသိက်တော်ဆက်ပုဏ္ဏားတော်ပညာရှိ ရာဇဒေဝ

ဗြဲတိုက်သံတော်ဆင့် ဦးရွဲ

စာရေးတော်ကြီး ဦးလူကြီး

စာရေးတော်ကြီး ဦးအောင်သာ

အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိမဟာနန္ဒမသင်္ကြံ

အတွင်းဝန်၊ အသည်ဝန် စဉ့်ကူးမြို့စား

ဝီကီပီးဒီးယား

ဝီကီပီးဒီးယား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနေသော ဘာသာစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သည့် အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယား ဆိုသောအမည်မှာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်သော ဝက်ဘ်ဆိုဒ်နည်းပညာဖြစ်သည့် ဝီကီ (ဟာဝေယံစကားဖြစ်ပြီး မြန်မြန်ဟု အဓိပ္ပာယ်ရသည်။)နှင့် စွယ်စုံကျမ်းဟု အဓိပ္ပါယ်ရသော အင်ဆိုင်ကလိုပိဒိယ ဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဂျင်မီဝေး နှင့် လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံတို့မှ လူတို့၏ ဗဟုသုတများကို အကျဉ်းရုံး စုစည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဝီကီပီးဒီးယားတွင် ဘာသာစကား (၂၈၈)မျိုးဖြင့်ရေးသားထားသော ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုသည့်အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ၊ လစဉ် ဝင်ရောက်ဖတ်ရှုသူ သန်းငါးရာခန့်ရှိသည်။ တစ်ကမ္ဘာလုံးအနေဖြင့်ဆိုလျှင် ဝီကီပီးဒီးယား အသုံးပြုသူ အကောင့်ပေါင်း ၁၉ သန်းခန့်ဖြစ်ကာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ စာရင်းများအရ တက်ကြွသည့် တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိသည်။

ဝီကီမီဒီယာ ဖောင်ဒေးရှင်း

ဝီကီမီဒီယာ ဖောင်ဒေးရှင်း (အင်္ဂလိပ်: Wikimedia Foundation; အတိုကောက် WMF) သည် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဝီကီများစွာကို စီမံခန့်ခွဲနေသည်။ ဌာနချုပ်မှာ ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ် တွင် တည်ရှိသည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှာ အင်တာနက် စွယ်စုံကျမ်း ဝီကီပီးဒီးယားကို လွှင့်တင်သည့် အဖွဲ့အစည်းအဖြစ် လူသိများသည်။ ဝီကီပီးဒီးယားအပြင် ဝစ်ရှင်နရီ၊ ဝီကီကိုးကားချက်၊ ဝီကီစာအုပ်များ၊ ဝီကီရင်းမြစ်၊ Wikimedia Commons၊ ဝီကီမျိုးစိတ်များ၊ ဝီကီသတင်း၊ ဝီကီတက္ကသိုလ်၊ ဝီကီဒေတာ၊ Wikivoyage၊ Wikimedia Incubator နှင့် မေတာ-ဝီကီ တို့ကိုလည်း စီမံခန့်ခွဲလျက်ရှိသည်။

အဖွဲ့အစည်းကို ၂၀၀၃ ခုနှစ်တွင် ဝီကီပီးဒီးယား တွဲဖက်တည်ထောင်သူ ဂျင်မီဝေးလ်စ်မှ ဝီကီပီးဒီးယားနှင့် အခြားသော ညီအစ်မပရောဂျက်များကို အကျိုးအမြတ်မယူသောနည်းဖြင့် ရန်ပုံငွေပံ့ပိုးနိုင်ရန်အတွက် တည်ထောင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် ဖောင်ဒေးရှင်း၌ ဝန်ထမ်းပေါင်း ၂၅၀ ခန့်ရှိပြီး နှစ်စဉ်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိနေပြီဖြစ်သည်။ ဖောင်ဒေးရှင်းကို Lila Tretikov က အမှုဆောင်ဒါရိုက်တာအနေဖြင့် ဦးဆောင်ကာ Patricio Lorente က ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။

သမိုင်း

သမိုင်းဆိုသည်မှာ လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ စာရေးသားခြင်းကို တီထွင်ပြီးသည့်နောက်တွင် သမိုင်းပေါ်ပေါက်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။ သမိုင်းကို ရေးသားသော ပညာရှင်များကို သမိုင်းပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြသည်။ ၎င်းမှာ ပြန်ပြောင်းပြောဆိုချက်များကို အသုံးပြု၍ ဆက်တိုက်ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များကို စစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုသော သုတေသန နယ်ပယ် ဖြစ်ကာ တစ်ခါတရံတွင် အကျိုးအကြောင်း ဆက်နွယ်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးကာ ဆုံးဖြတ်သော ပညာရပ်ပင် ဖြစ်သည်။ သမိုင်းပညာရှင်များသည် သမိုင်း၏ သဘောသဘာဝ နှင့် အသုံးဝင်မှုတို့ကို ငြင်းခုံလေ့ ရှိကြသည်။

သုတေသနသရုပ်ပြအဘိဓာန်

ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်ကို ၂၀ဝ၂-ခုနှစ်တွင် တတိယအကြိမ်အဖြစ် သာသနာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့ရာတွင် ထည့်သွင်း သင့်သောပြင်ဆင်ဖြည့်စွက်ချက်များမပါဘဲ ၁၉၇၅-ခုနှစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့်အတိုင်းသာ ပြန်လည်စာစီပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

သံတွဲခရိုင်

သံတွဲခရိုင်သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းတွင် တည်ရှိသော ခရိုင်ဖြစ်သည်။ ခရိုင်မြို့တော်မှာ သံတွဲမြို့ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ ဗမာနှင့်ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၏ အကျယ်အဝန်းမှာ ၁၃,၅၆၇ စတုရန်းမိုင် ဖြစ်၍ မြို့နယ် ၂၆ မြို့နယ် ဖြင့် ဖွဲ့စည်းထားသည်။

၁၈ ဇူလိုင်

ဇူလိုင်လ၊ (၁၈)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၉၉)ရက်မြောက် (ရက်ထပ်နှစ် ဖြစ်လျှင် (၂၀၀)ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၁၆၆) ရက် ကျန်သေးသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.