ကွန်ဖြူးရှပ်

တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (孔夫子 သို့ 孔子၊ Confucius) (ဘီစီ ၅⁠၅၁-၄၇၉) ကို ယနေ့ တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ ရှန်တုန်ပြည်နယ် (山東 Shandong) ရှိ လူ (魯 Lu) နိုင်ငံငယ်လေးတွင် ဘီစီ-၅⁠၅၁ ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက် လာခဲ့သည်။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက် အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။

နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လူအစိုးရက ရာထူးကြီးပေးကာ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင် နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘဝဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ (အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။

ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ (Koung Fu Zi) ဟု အနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်၀သူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပါယ်ရသည်။

ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေး အသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘဝလမ်းပြ ဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၎င်း၏လမ်းစဉ်များကို လိုက်နာကြပါသည်။

ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များ⁠များစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထား ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံ မင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲတွင် ဖြေဆိုရန် ပြဋ္ဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄ အုပ်၊ ၅ ကျမ်း (四書五經) ခေါ်သည့် (စာအုပ်အားဖြင့် ၄ အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊ လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။

သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(秦 Chin)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီစီ-၂⁠၂၁ ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန် (漢 Han) မင်းဆက် လက်ထက်တွင် အကြီးအကျယ် မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ဦးမော့နိုင်တော့သည်။

နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်း (毛澤東) ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး (文化大革命)ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။ အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊ ၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖေါ်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။[၁]

ကွန်ဖူးဇီး

တရုတ်ပညာရှိသုခမိန်ကြီး ကွန်ဖူးဇီးသည် ယခုရှန်တွန် ကျွန်းဆွယ်တွင် အပါအဝင်ဖြစ်သော လူးနယ်၌ ခရစ်မပေါ်မီ ဖြစ်သော ဘီစီ ၅⁠၅ဝ ခုနှစ်တွင် ဖွားမြင်၍၊ သူ၏ဖခင်မှာ ခရိုင် တစ်ခုကို အုပ်ချုပ်သော လူကြီးဖြစ်၏။ ကွန်ဖူးစီး၏ မျိုးရိုး အမည်မှာ ကွန်ဖြစ်၍ ဖူးဇီးကား ပညာရှိကြီး၊ သို့မဟုတ် ဆရာ ကြီးဟု အနက်ရ၏။ (ဆရာကြီးကွန် အဓိပ္ပာယ်ရသော သူ၏ အမည်ကို၊ လက်တင်စာဖြင့် ရေးရာတွင် ကွန်ဖြူးရှပ်ဟု ဖြစ်လာသည်။)

ကွန် ၃ နှစ်သားအရွယ်တွင် သူ၏ဖခင်ကွယ်လွန်၍၊ ကျန်ရစ်သူတို့မှာ နေရေးထိုင်ရေး ကျပ်တည်းခဲ့၏။ ကွန်သည် ၅ နှစ်သားခန့်ကပင် အခြားသောကလေးများနှင့် မတူဘဲ ဉာဏ်ပညာ ထက်မြက်သူဖြစ်ခဲ့သည်။ ၁၉ နှစ်သားအရွယ်တွင် အိမ်ထောင်ပြုရာ သား ၁ ယောက် သမီး ၂ ယောက် ထွန်းကားခဲ့လေသည်။

အသက် ၂၂ နှစ်အရွယ်တွင် ပညာအမြော်အမြင်နှင့် ပြည့်စုံ သောကွန်သည် ကျောင်းတစ်ကျောင်း တည်ထောင်၍ လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများကို သင်ကြား လေသည်။ သူ၏တပည့် များထံမှ နည်းများမဟူ ဉာဏ်ပူဇော်ခများကို လက်ခံ၍ သင်ကြားပေးသော်လည်း စိတ်ပါဝင်စားခြင်းမရှိသည့် တပည့်များကိုကား လက်မခံချေ။ သူ၏တပည့်များတွင် လူးနယ်မှ ထိပ်သီးလူကုံထံများ ပါဝင် လေသည်။

အသက် ၃၄ နှစ်အရွယ်တွင် ဆရာကြီး ကွန်သည် နန်းစိုက်ရာမြို့တော်သို့ သွားရောက်ပြီးလျှင် ရှေးဟောင်း စာပေ ပိဋကတ်နှင့် သုခုမပညာရပ်များကို ရှာဖွေဆည်းပူးပြန်သည်။ အပြန်တွင် တိုင်းပြည်ဆူပူ၍ အုပ်ချုပ်သူမြို့စားလည်း ဆီနယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်နှင့် ကြုံလေသည်။ မိမိတို့အပေါ် တွင် အုပ်ချုပ်သူကို တိုက်ခိုက်နှင်ထုတ်သူများအား ကွန်ဖူးဇီး သည် မတွေ့လိုသဖြင့် နေရပ်သို့မပြန်တော့ဘဲ၊ မြို့စားပြေးရာ သို့ လိုက်သွားခဲ့၏။ သူ၏တပည့်များစွာလည်း သူနှင့်အတူ လိုက်ပါသွားကြသည်။

လမ်းခရီးတွင် မိန်းမတစ်ယောက်သည် သင်းချိုင်းရာ တစ်ခု၏အနီး၌ ငိုကြွေးလျက်ရှိသည်ကို တွေ့ရ၍ ပညာရှိကြီးက ရပ်တန့်ပြီးလျှင် အကျိုးအကြောင်းကို မေးမြန်း၏။ ငိုကြွေး လျက် ရှိသော မိန်းမက 'ဤနေရာ၌ ကျွန်မ၏ ယောက္ခမ သည်လည်းကောင်း၊ လင်သည်လည်းကောင်း၊ သားငယ်သည်လည်းကောင်း၊ ကျားရဲဘေးဖြင့် သေဆုံးသွားသောကြောင့် ငိုကြွေးနေပါသည်'ဟု ပြန်ပြောသော အခါ၊ ပညာရှိကြီးက 'သို့ဖြစ်လျှင် ချစ်သမီး အဘယ်ကြောင့် ဤမျှ ကျားရဲရှိသောအရပ်ကို မခွာသနည်း'ဟု မေး၏။ မယ် ဒုက္ခလည်း 'အရှင်၊ ကျွန်မသည် ဤနေရာ၌ နှိပ်စက်သော အစိုးရမရှိသောကြောင့် နေပါသည်'ဟု ဖြေလေသည်။ ထိုအခါ ပညာရှိကြီးသည် သူ၏တပည့်များ အား 'ချစ်သားတို့၊ ဆင်ခြင် ကြလော့၊ နှိပ်စက်သော အစိုးရသည် ကျားထက်ဆိုး၍ ကျား ထက်ပင် ပိုမို ကြောက်လန့်ကြကုန်သည်'ဟု ဩဝါဒစကား မိန့်ကြားခဲ့ဘူး၏။

ထို့နောက်မကြာမီ ကွန်ဖူးဇီးလည်း ဇာတိဖြစ်သော လူးနယ်သို့ ပြန်လာပြီးနောက်၊ ၁၅ နှစ်ခန့် စာပေ လေ့လာ လိုက်စားယင်း သူ၏တပည့်များကို ဆုံးမဩဝါဒပေးခဲ့၏။ အသက် ၅၂ နှစ်အရွယ်တွင် ချွန်တူးမြို့တွင် တရားသူကြီး အဖြစ် ခန့်အပ်ခြင်းခံရသည်။ သို့သော် များမကြာမီ ယခင်က ထွက်ပြေးရသော မြို့စား၏ ညီဖြစ်သူ မြို့စားက ပြန်ခေါ်၍ ကြီးမြင့်သော ရာထူးတစ်ခုတွင် ခန့်ထားလေသည်။ ထို့နောက် ကွန်ဖူးဇီးအား ရာဇဝတ်ဌာနဆိုင်ရာ ဝန်ကြီးအဖြစ်ခန့်ထားသော အခါ သူ၏စီမံအုပ်ချုပ်ပုံ ကောင်းမွန်လှသောကြောင့် ရာဇဝတ် မှုခင်းများ ဖြစ်ပွားခြင်းမရှိဘဲ လိမ်လည်မှု၊ ဆိုးသွမ်းမိုက်မဲမှုများ လည်း ပပျောက်လေသည်။

ယင်းသို့ စွမ်းဆောင်နိုင်မှုကြောင့် ကွန်ဖူးဇီးသည် လူအများ ၏ ကြည်ညိုလေးစားခြင်း ခံယူရသည်နှင့်အမျှ၊ အိမ်နီးချင်းဖြစ် သော နယ်များမှ မြို့စားများကမူ ကွန်ဖူးဇီးသည် တစ်နေ့နေ့ တွင် သူတို့၏လူများအပေါ်ဝယ် ဩဇာလွှမ်းမိုးလာမည်ဟု စိုးရိမ်ကြသည်။ လူးနယ်နှင့် အလွန်နီးကပ်သည့် နယ်တစ်နယ်မှ မြို့စားသည် အခြားမြို့စားများထက် ပိုမိုစိုးရိမ်သဖြင့် အတီး အမှုတ် အကအခန်းတွင် ကျွမ်းကျင်သော မိန်းမချောကလေးများ ကို လူးနယ်အုပ်ချုပ်သူ မြို့စားထံသို့ စေလွှတ်၍ မြို့စားကို ကွန်ဖူးဇီးအား ပစ်ပယ်စေရန် ဖြားယောင်းစေသည်။ ထိုသူ၏ အကြံအစည် ထမြောက်အောင်မြင်သောကြောင့် ကွန်ဖူးဇီးလည်း လူးနယ်မှ ထွက်ခွာသွားရ ရှာလေသည်။

ထို့နောက် မြို့စားလည်း မေ့လျော့နေသဖြင့် ကွန်ဖူးဇီးအား ပြန်မခေါ်တော့ချေ။ ဆရာကြီးလည်း ၁၃ နှစ်မျှ ကာလပတ်လုံး တရုတ်နိုင်ငံ အနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ပြီးမှ လူးနယ် သို့ ပြန်လာခဲ့လေသည်။ သို့ရာတွင် မည်သည့်ရာထူးကိုမျှ လက်မခံတော့ချေ။

ဆရာကြီးကွန်ဖူးဇီး၏ တပည့်ပေါင်း ၃ဝ⁠ဝဝ ကျော်ရှိသည့် အနက် ၇ဝ၊ ၈ဝ ခန့်မှာ သူ၏တပည့်ရင်း စာတတ်ပုဂ္ဂိုလ်ကြီး များ ဖြစ်ကြ၍ ထူးချွန်သူများ ဖြစ်လေသည်။ ထိုတပည့်ရင်း များသည် သူအနီး၌ နေ့ညမပြတ် ရိုသေစွာဆည်းကပ်လျက် ဆရာကြီးပြုမူပြောဆို သွန်သင်သမျှကို တစ်စမကျန် နာယူ မှတ်သားကြလေသည်။ ထိုပုဂ္ဂိုလ်များမှတစ်ဆင့် ပညာရှိကြီး၏ အကြောင်းကို ကျွန်ုပ်တို့ သိကြရပေသည်။

ကွန်ဖူးဇီး၏ ဩဝါဒများမှာ လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးဖြစ်၍ သာသနာရေးဆိုင်ရာ ဟောပြောချက်များ မဟုတ်ပေ။ အသက်ရှင်နေစဉ်တွင် မည်သို့နေထိုင်ပြုမူမှ ကောင်းသောနေခြင်း ဖြစ်မည်ကို ဆောင်ပုဒ်ကလေးများဖြင့် သွန်သင်ခဲ့၏။ သူ၏ဩဝါဒများစွာတို့တွင် 'သင့်အား သူတစ်ပါးက ပြုမူလျှင် သင်နှစ်သက်မည်မဟုတ်သည့် အပြု အမူမျိုးကို တစ်ပါးသူတို့အား မည်သည့်အခါမျှ မပြုမူလေနှင့် ဟူသော စကားမှာ ဆရာကြီး၏ လက်သုံးစကားတစ်ရပ် ဖြစ်လေသည်။

သူမကွယ်လွန်မီ သူ၏သားနှင့် တပည့်ရင်းပညာတတ် ပုဂ္ဂိုလ် ၂ ဦး ကွယ်လွန်ခဲ့လေရာ၊ ဆရာကြီးမှာ များစွာ နှမြော တသမိလေသည်။ အသက် ၇၃ နှစ်အရွယ်သို့ ရောက်၍ သူ ကွယ်လွန်ရမည်ကို သိသောအခါ တစ်ခုသောနံနက်စောစောတွင် လမ်းလျှောက်ယင်း 'တောင်ကြီးသည် ပြိုရမည်။ သံတိုင်သည် လည်း ကျိုးရမည်။ ပညာရှိသည်လည်း သစ်ပင်များကဲ့သို့ ညှိုးနွမ်းပျက်စီးရချေမည်တကား။'ဟု သံဝေဂစကား ကျူးရင့် သည်ကို သူ၏တပည့်ရင်းတစ်ယောက်က မှတ်သားထားခဲ့ လေသည်။

ကွန်ဖူးဇီးသည် ဘီစီ ၄၇၈ ခုတွင် ကွယ်လွန်အနိစ္စ ရောက် လေသည်။ သူ၏ရုပ်အလောင်းကို ချူးဖူးမြို့တွင် ကောင်းစွာ မြှုပ်နှံသင်္ဂြိုဟ်ကြလေသည်။ သူသည် သာမန်လူသား တရား ဟော ဆရာကြီးမျှသာ ဖြစ်သော်လည်း ပညာဗဟုသုတ ပြည့်ဝ လှသော သူတော်ကောင်းပညာရှိကြီးတစ်ဦး ဖြစ်သောကြောင့် သန်းပေါင်းများစွာသော အရှေ့တိုင်းရင်းသားတို့က ဘုရား တစ်ဆူ ဂူတစ်လုံးအမှတ်ပြု၍ ဆည်းကပ်ကိုးကွယ်ကြသည်။ တရုတ်လူမျိုးများသည် နှစ်စဉ် ချူးဖူးမြို့ရှိ သူ၏သင်းချိုင်းဂူသို့ သွားရောက်၍ အရိုအသေပြုကြသည်။ အသက်ရှင်စဉ်ကထက် ကွယ်လွန်သောအခါမှ၊ ကွန်ဖူးဇီး၏ ဩဝါဒများကို လိုက်နာ ကျင့်သုံးသူ ဦးရေ များပြားလာသည်။ ယခုအခါ တရုတ်နိုင်ငံရှိ မြို့ကြီးတိုင်းတွင် ကွန်ဖူးဇီးအား ရည်စူး၍ ဆောက်လုပ်ထား သော ဘုရားကျောင်း အနည်းဆုံးတစ်ဆောင်စီ ရှိလေသည်။ [၂]

Konfuzius-1770
ကွန်ဖြူးရှပ်(ဘီစီ ၅⁠၅၁-၄၇၉)

ရည်ညွှန်းကိုးကား

  1. ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
ကူဗလိုင်ခန်

ကူဗလိုင်ခန် ( ၁၂၁၆- ၁၂၉၄ ) သည် ကမ္ဘာ့အရှေ့ဘက် တစ်လွှားတွင် တန်ခိုးကြီးမားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂစ်ခန်၏ မြေးဖြစ်သည်။ ကူဗလိုင်ခန်မှာ တူလီ၏ ဒုတိယသားဖြစ်၍ ၁၂၁၆ ခုနှစ်တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် နောင်တော်ဖြစ်သူ မန်ဂူ၏ လက်အောက်တွင် စစ်မှုထမ်းကာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းယူခဲ့သည်။ မန်ဂူဘုရင် ကွယ်လွန်သောအခါ ၁၂၆၀ ပြည့်နှစ်တွင် မွန်ဂိုမင်းဆွေမင်းမျိုးတို့၏ အစည်းအဝေးကြီးက သူ့အား ခန်မင်းကြီးအဖြစ် တင်မြှောက်လိုက်ကြသည်။

ခန်မင်းကြီးမှာ လက်ရုန်းရည်၊ နှလုံးရည်နှင့် ပြည့်စုံသူဖြစ်၍ ဖိုးတော် ဂျင်ဂစ်ခန်၏ ရည်ရွယ်ချက်အတိုင်း တရုတ်နိုင်ငံတစ်ခုလုံးကို သိမ်းသွင်းလိုသော ဆန္ဒပြင်းပြသည်။ ထို့ကြောင့် ဆွန်ဘုရင်တို့ ပိုင်နက်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းကို တစ်စတစ်စ တိုက်ခိုက်သိမ်းသွင်းခဲ့ရာ နောက်ဆုံးတွင် ကူဗလိုင်ခန်မှာ တရုတ်နိုင်ငံ တစ်ခုလုံး၏ ဘုရင်ဖြစ်လာတော့သည်။

ခန်မင်းကြီးသည် မိမိ၏ မြို့တော်ကို ကယ်ရာကိုးရမ်းမှ တရုတ်နိုင်ငံတံတိုင်းကြီးအတွင်း ယခု ပီကင်းမြို့ နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမြို့တော်သစ်မှာ လေးထောင့်မြေကွက်ပေါ်တွင် တည်ရှိ၍ အဝန်း ၁၈ မိုင်ရှိသည်။ မြို့တော်မှာ အလွန်ခမ်းနား ကြီးကျယ်လှသဖြင့် နိုင်ငံခြားသားများကပင် အထူးချီးကျူး ရေးသားကြသည်။ ထိုမြို့တော်ကို တိုင်တူးဟု သမုတ်၍ ‘ရုံးတော်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ အနောက်တိုင်းသားတို့ကမူ ခန်ဗာလိ (ဝါ) ခန်မင်းကြီး၏ မြို့တော်ဟု ခေါ်ကြသည်။ ဤမြို့တော်ကြီး ခမ်းနားကြီးကျယ်ပုံကို ၁၇ နှစ်တိုင်တိုင် ခန်မင်းကြီးထံတွင် အမှုထမ်းဖူးသူ ဗင်းနစ်မြို့သား မာကိုပိုလိုက မှတ်တမ်းတင်ထားခဲ့သည်။ ၁၈ ရာစုနှစ်တွင် အင်္ဂလိပ်ကဗျာဆရာကြီး ကိုးလားရစ် က ၅၄ ကြောင်းသော ကဗျာဖြင့် ချီးကျူးရေးသား ပြန်သေးသည်။

ခန်မင်းကြီးသည် မဟာယန ဗုဒ္ဓဝါဒီ တစ်ယောက် ဖြစ်သော်လည်း တရုတ်ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကိုလည်း လေးစားသည်။ အုပ်ချုပ်ရေးဌာနများတွင် တရုတ်လူမျိုးများကို အများအပြား ခန့်ထားသည်။ ၁၂၆၃ ခုနှစ်တွင် တရုတ်လူမျိုးများ အလေးအမြတ်ထားလေ့ရှိသော ဖိုးဖွားဗိမာန်ခေါ် ကျောင်းဆောင်ကြီးကို ယန်ချင်မြို့တွင် တည်ဆောက်လေသည်။ ၁၂၇၉ ခုနှစ်တွင် မြို့တော်၏ အရှေ့တောင်ဘက်တွင် နက္ခတ်တာရာများ ကြည့်ရှုလေ့လာနိုင်ရန် နက္ခတ်မျှော်စင်ကြီး တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။ ခန်မင်းကြီးသည် တရုတ်လူမျိုးတို့ အထွတ်အမြတ်ထားသည့် ကွန်ဖြူးရှပ် ကျောင်းတော်ကြီးကို မြို့တော်သစ်ကြီးအတွင်းတွင် ဆောက်လုပ်ပေးခဲ့သည့်အပြင် ကွန်ဖြူးရှပ် ဆွေတော်မျိုးတော်များအတွက် နယ် ၂ နယ်ကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုမှတပါး ယန်ချင်မြို့နှင့် ပင်ယန်မြို့များရှိ တက္ကသိုလ်ကျောင်းကြီး ၂ ကျောင်းကိုလည်း ခိုင်မြဲတည်တံ့အောင် ပြုပြင်ကူညီခဲ့သည်။

နိုင်ငံတော်အတွင်း ကူးသန်းရောင်းဝယ်မှု လွယ်ကူစေရန် မြင်းပေါင်း ၂၀၀,၀၀၀ ပါဝင်သော စာပို့စနစ်ကိုလည်းကောင်း၊ တည်းခိုရန် စခန်းပေါင်း ၁၀,၀၀၀ ကိုလည်းကောင်း တီထွင်ဖွင့်လှစ်ခဲ့သည်။ မြို့တော်နှင့် ရေလမ်းဆက်သွယ်မှု လွယ်ကူစေရန် တူးမြောင်းမဟာကြီးကိုလည်း အသစ်ထပ်မံ ဖောက်လုပ်ခဲ့သည်။ ဖောက်ကားရောင်းဝယ်မှုတွင် အခက်အခဲ မရှိစေရန် ငွေစက္ကူများ ထုတ်ခဲ့သည်။ ကူးသန်းရောင်းဝယ်မှုများကို အထူးအားပေး ချီးမြှောက်ခဲ့သည်။ ပိုးထည်လုပ်ငန်းနှင့် ရွှေတောင့်လုပ်ငန်းများမှာ များစွာတိုးတက်ကောင်းမွန်လာသည်။ မင်းကြီးသည် စာပေပညာများကိုလည်း အားပေးခဲ့သည်။ တိဗက်လူမျိုး လားမားဘုန်းကြီး မတီဒဝတ်ရှားဆိုသူ ပုဂ္ဂိုလ်အား စာပေအက္ခရာ အသစ်တီထွင်စေခဲ့သည်။

ပါရှင်းလူမျိုး ဂျာမားအာလာဒင်ဆိုသူအား ခေတ်မှီပြက္ခဒိန် ပြုလုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ အခြားပညာရှင်များအားလည်း မွန်ဂိုတို့၏ သမိုင်းကို ရေးသားစေခဲ့သည်။ ၁၂၆၉ ခုနှစ်တွင် ဝီးဝူးဝါး စာလုံးများဖြင့် စာရေးနည်းကို ပယ်ဖျက်၍ စနစ်သစ်ကို ပေးအပ်ခဲ့သည်။ မဟာယန ဗုဒ္ဓဝါဒကိုလည်း နိုင်ငံတော် ဘာသာအဖြစ် အသိအမှတ်ပြုခဲ့သည်။

ကူဗလိုင်ခန် လက်ထက်တွင် အနောက်နိုင်ငံမှ သာသာနာပြုပုဂ္ဂိုလ် ၂ ဦး ရောက်ရှိလာသည်။ တစ်ဦးမှာ မွန်တီကော်ဗီအရပ်မှ ဂျွန်ဆိုသူဖြစ်၍ ကျန်တစ်ဦးမှာ ပေါ်ဒနိုနီအရပ်မှ အိုဒိုရစ်ဆိုသူ ဖြစ်သည်။ မင်းကြီးသည် ထိုပုဂ္ဂိုလ်နှစ်ဦးအား လေးလေးစားစားထား၍ ခရစ်ယာန် သာသနာပြုခွင့် ပေးသည့်အပြင် ဂျွန်အား ပီကင်းမြို့၏ ပထမဆုံး ဂိုဏ်းချုပ်အဖြစ် ချီးမြှင့်လေသည်။ တိဗက်နယ်တွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယခုတိုင် ဒလိုင်လားမားခေါ် တိဗက် သာသနာပိုင်များမှာ တန်ခိုးထွားလျက်ရှိကြသည်။

ခန်မင်းကြီးမှာ ရှေးဘိုးလောင်းတော်၊ ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု၊ နိုင်ငံသိမ်းသွင်းမှုများကို လိုလားသည်။ ထိုကြောင့် တိဗက်နိုင်ငံ၊ တာကီစတန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကိုချင်ချိုင်းနားနိုင်ငံ၊ ဂျာဗားကျွန်းများသို့ စစ်ချီတက်တိုက်ခိုက်ခဲ့ရာ အောင်မြင်သည်သာ များခဲ့သည်။ ဂျပန်ကျွန်းကိုမူ ရေတပ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ကူဗလိုင်ခန်၏ နိုင်ငံတော်မှာ ဘုရင်တစ်ဦးတည်းပိုင် နိုင်ငံများအနက် အကျယ်အဝန်းဆုံး နိုင်ငံတော်ဖြစ်၍ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ မှ အနောက်ဘက်တွင် ပင်လယ်နက် ကျော်သည်အထိ ကျယ်ပြန့်သည့် အင်ပါယာကြီး တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် ကူဗလိုင်ခန်၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှ ပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။ နရသီဟပတေ့မင်းသည်

သျှင်ဒီသာပါမောက္ခ ရဟန်းတော်အား သဝဏ်လွှာနှင့် ပီကင်းမြို့ ကူဗလိုင်ခန်ဘုရင်ထံ စေလွှတ်စေ့စပ်ခဲ့ရကြောင်း၊ မင်္ဂလာစေတီကျောက်စာတွင် တွေ့ရှိရသည်။ ထိုကျောက်စာတွင် ကူဗလိုင်ခန်၏ နေပြည်တော်ကို တယ်တူ (တိုင်တူး) ဟု ဖော်ပြထားသည်။

ကူဗလိုင်ခန်ဘုရင်မှာ အရှေ့ဘက် နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများအထိ တန်ခိုးပျံ့နှံ့ခဲ့သော မွန်ဂိုဘုရင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယွန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော မင်းလည်း ဖြစ်သည်။ ၁၂၉၄- ခုနှစ်တွင် ကံကုန်တော်မူသည်။

ကောင်းရှုံမြို့

ကောင်းရှုံမြို့ (တရုတ် - 高雄) သည် တရုတ်သမ္မတနိုင်ငံ၏ ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် မြို့ပြကြီး ၅ ခု အနက် တစ်မြို့ဖြစ်ပြီး ထိုင်ဝမ်တောင်ပိုင်းဒေသတွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ရှိရင်းစွဲ ကောင်းရှုံမြို့နှင့် ကောင်းရှုံခရိုင် ပေါင်းစည်းကာ ပိုမိုကြီးမားသည့် မြို့ပြ ဖြစ်လာသည်။ ကောင်းရှုံမြို့တွင် လူဦးရေ ၂.၇ သန်းခန့်နေထိုင်ကြပြီး ထိုင်ဝမ်၏ လူဦးရေ အထူထပ်ဆုံးနှင့် ရှင်းပေမြို့ပြီးနောက် ဒုတိယအကြီးမားဆုံး မြို့ဖြစ်သည်။ ၂၉၄၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ ထိုင်ဝမ်တွင် အကျယ်ဆုံးမြို့ပြဖြစ်သည်။

ကျင်းထျန်းမင်

ကျင်းထျန်းမင်သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(လီပင်းရှန်) ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်။

ကွန်ဖြူးရှပ် ရုပ်ရှင် (၂၀၁၀)

ကွန်ဖြူးရှပ် (孔子—決戰春秋) ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ဟူမေ၏ လက်ရာ တရုတ် အတွေးအခေါ် ပညာရှင် ကွန်ဖြူးရှပ်၏ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်ကား တစ်ကားဖြစ်သည်။ ဤဇာတ်ကားတွင် ဟောင်ကောင် အက်ရှင်မင်းသားကြီး ကျိုးရွန့်ဖား (ချောင်ရွင်ဖား) က ကွန်ဖြူးရှပ်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ ဤဇာတ်ကားကို ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၂၂ ရက်နေ့တွင် တရုတ်ပြည် မြို့တော်ပေကျင်းတွင် စတင်ဖြန့်ချိသည်။

ကွန်ဖြူးရှပ်ဇာတ်ကားကို မူလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၆၀ ပြည့်နှစ်နှင့် ကွန်ဖြူးရှပ်၏ ၂၅၆၀ ပြည့်နှစ် မွေးနေ့ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် ရုံတင်ပြသရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် ရုံတင်ရက်ကို ၂၀၁၀ ခုနှစ် ဇန္နဝါရီလသို့ ရွှေ့ဆိုင်းခဲ့သည်။

ကွန်ဖြူးရှပ်ဝါဒ

ကွန်ဖြူးရှပ်ဝါဒသည် တရုတ်လူမျိုးတို့၏ လူ့ကျင့်ဝတ်ဆိုင်ရာ နှင့် အတွေးအခေါ်ဆိုင်ရာ စနစ်တစ်မျိုးဖြစ်ပြီး တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်၏ အတွေးအခေါ်များပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည်။ ထိုစနစ်သည် လူ့ကျင့်ဝတ်၊ လူမှုရေး၊ နိုင်ငံရေး၊ အတွေးအခေါ်နှင့် ဘာသာရေးဆန်ဆန် ရှုပ်ထွေးသော စနစ်တစ်မျိုး ဖြစ်ကာ အရှေ့အာရှ၏ သမိုင်းတွင် လွှမ်းမိုးမှု ရှိခဲ့လေသည်။ အချို့သော အရှေ့အာရှနိုင်ငံတို့သည် ကွန်ဖြူးရှပ်၏ အတွေးအခေါ်များကို ဖြန့်ချိမြှင့်တင်လေ့ ရှိသဖြင့် ထိုဝါဒသည် အချို့သော အရှေ့အာရှနိုင်ငံတို့၏ နိုင်ငံတော်ဘာသာ အဖြစ်ယူဆနိုင်သည်။

တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ယဉ်ကျေးမှုများတွင် ကွန်ဖြူးရှပ်ဝါဒ အကြီးအကျယ် လွှမ်းမိုးခြင်း ခံရသည်။ ထို့အပြင် တရုတ်လူမျိုးများ အခြေချနေထိုင်လေ့ ရှိသော စင်ကာပူနိုင်ငံ ကဲ့သို့သော နိုင်ငံများတွင်လည်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးခြင်း ခံရသည်။ ကွန်ဖြူးရှပ်၏ ဝါဒကို လိုက်နာကျင့်သုံးသော သူပေါင်း ၁.၅ ဘီလီယံမျှ ရှိမည်ဟု ခန့်မှန်းရသည်။

ချင်ရှီဟွမ်

တမ်းပလိတ်:Pp-protect

ချင်ရှီဟွမ် (Qin Shi Huang Di) (တရုတ်: 秦始皇; literally: "ချင် ၏ ပထမဆုံး ဧကရာဇ်", pronunciation ;(ဖေဖော်ဝါရီ ၁၈ ရက် ဘီစီ ၂၅၉ မှ စက်တင်ဘာ ၁၀ ရက် ၂၁၀ ဘီစီ ) သည် ချင်မင်းဆက် ကို တည်ထောင်သူဖြစ်၍ တရုတ်ပြည်ထောင် ၏ ပထမဆုံး ဧကရာဇ် ဖြစ်လေသည်။ ငယ်မည် "'ရင်ကျန့်'" (嬴政)(သို့) "'ကျောက်ကျန့်'" (趙政) ဖြစ်၍ ချင်ပြည်ထောင်၏ မင်းသားတစ်ဦးဖြစ်သည်။ သူသည် အသက် ၁၃ နှစ်တွင် ချင် မင်းကြီး ကျန့် (秦王政) အဖြစ် နန်းတက်ခဲ့ပြီး ချင်ပြည်ထောင်သည် အခြားသော စစ်မက်ဖြစ်ပွားနေသည့် နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့ပြီး ၂၂၁ ဘီစီတွင် တရုတ်ပြည်ကို ပေါင်းစည်းနိုင်ခဲ့ခြင်းဖြင့် သက်တော် ၃၈နှစ်တွင် တရုတ်ပြည်၏ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့လေသည်။ ယခင်က ရှန် မင်းဆက် နှင့် ကျိုးမင်းဆက်တို့မှ မင်းဆက်များ ခေါ်ဝေါ်ခဲ့သည့် " မင်းကြီး"(王 wáng (ဝမ်) ဘွဲ့တော်ကို ဆက်လက်ထိန်းသိမ်းခြင်း မရှိဘဲ သူသည် ၂၂၁ ဘီစီမှ ၂၁၀ ဘီစီအထိ ချင်မင်းဆက်၏ ပထမဆုံး ဧကရာဇ် (始皇帝) အဖြစ် အုပ်စိုးခဲ့သည်။ သူ တီထွင် အသုံးပြုခဲ့သော "ဧကရာဇ်" (皇帝 huángdì) ဟူသည့် ဘွဲ့တော် နှင့် အရှေ့တွင် သုံးနှုန်းထားသည့် "ပထမဆုံး"ဆိုသော စကားသည် နောက် နှစ်ပေါင်း ၂၀၀၀ခန့်အထိ အဆက်ဆက်သော တရုတ်ပြည်မင်းဆက်များ အတုယူ သုံးနှုန်းစရာ ဖြစ်လာခဲ့သည်။

သူ၏ နန်းစံနှစ်တွင် သူ၏ စစ်သူကြီးတို့သည် တရုတ်ပြည် နယ်မြေများကို ချဲ့ထွင်ခဲ့ကြသည်။

ချူ ၏ တောင်ဖက်သို့ စစ်ဆင်နွှဲခြင်းများ သည် ဟူနန် နှင့် ဂွမ်ဒုန်ရှိ ယွဲ့နယ်မြေများကို တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု စက်ကွင်းထဲသို့ ထည့်သွင်းလိုက်သလိုပင် ဖြစ်သည်။ အာရှ အလယ်ပိုင်းတွင် စစ်ဆင်နွှဲမှုများသည် အော်ဒို ပတ်လမ်းကို ရှူံးနူတို့ထံမှ သိမ်းယူနိုင်ခဲ့သည်။ ဤသို့ ပြုလုပ်ခြင်းကြောင့် ရှူံးနူတို့သည် မိုတု ချန်ယု၏ အုပ်စိုးမှုအောက်တွင် ခိုလှုံခြင်းဖြင့် စုစည်းမိကြသည်။

ချင်ရှီဟွမ်သည် သူ၏ အမတ်ကြီး လီစီးနှင့် တွဲဖက်၍ ရှေး တရုတ်နယ်မြေအသီးသီးတွင် ကျင့်သုံးခဲ့သည့် အလေ့အထတို့ကို တညီတညွတ်ထဲဖြစ်စေရန် ရည်ရွယ်၍ အဓိကကျသည့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်ခဲ့သည်။ သေချာစွာ သုံးသပ်ကြည့်လျှင် သံသယဝင်ဖွယ်ရှိသည့် အချက်များကို တွေ့ရသော်လည်း ချင်ရှီဟွမ်သည် စာပေကို တားမြစ်ပိတ်ပင်ခြင်း နှင့် များစွာသော စာအုပ်များကို မီးရှို့ဖျက်ဆီးစေခြင်း နှင့် စာပေပညာရှင်များကို သတ်ဖြတ်ကွပ်မျက်ခြင်းများ ပြုလုပ်သည်ဟု ပြောဆိုခြင်း ခံရသည်။ သူ၏ လူသိရှင်ကြား လုပ်ဆောင်ချက်များတွင် ပြည်နယ်တို့အနှံ့ ပြန့်ကျဲနေခဲ့သော တံတိုင်းများကို တရုတ်ပြည်၏ မဟာတံတိုင်းကြီး တစ်ခုအဖြစ် စုစည်းစေခြင်း၊ ကြီးမားလှသည့် နိုင်ငံတော် အဆင့် လမ်းမကြီးများ ဖွဲ့စည်းခြင်း၊ မြို့တော်တစ်မျှကြီးမားလှသည့် ဂူသင်္ချိုင်းကြီးနှင့် ၎င်းကို စောင့်ကြပ်နေသော လူသဖွယ် ရွှံ့ရုပ်စစ်တပ်ကြီးတို့ပင် ဖြစ်တော့သည်။

သူသည် တရုတ်ပြည်အရှေ့ပိုင်းကို လှည့်လည်ကြည့်ရှုစဉ် ၂၁၀ ဘီစီ၌ ကွယ်လွန်သည်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။

ဧကရာဇ်ဖြစ်လျှင် ယခင် ကျိုမင်းဆက်လက်ထက်ကဲ့သို့ ပဒေသရာဇ်တို့ တဖန်အင်အားကောင်းလာမည်ကို မလိုလားသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်သည်။ နယ်စား၊ ဘုရင်ခံတို့ ကို တစ်နယ်တည်း အတည်တကျမထားပဲ အလှည့်ကျရွှေ့ပြောင်းစေသည်။ ၎င်းတို့၏ မိသားစုများကိုလည်း နေပြည်တော်တွင် ချန်ရစ်စေသည်။ လမ်း၊ တံတား အစရှိသည့် ဆက်သွယ်ရေးစနစ်များ ကိုတိုးတက်ကောင်းမွန်အောင် ပြုပြင်သည်။ အလေး၊ တင်းတောင်း၊ အချိန်အတွယ်၊ အတိုင်းအတာတို့ကို တစ်ပြေးညီ သတ်မှတ်ပေးသည်။ ဘီစီ ၃၁၂ တွင် ကွန်ဖြူးရှပ် ကျမ်းစာများ အပါအဝင် တရုတ်အမျိုးသားရေးဆိုင်ရာ ကျမ်း၊စာပေ အစရှိသည်တို့ကို မီးရှို့ဖျက်စီးစေသဖြင့် လူအများကြောက်ရွှံထိတ်လန့်ရသည်။ သို့သော် ကျမ်းတစ်စောင်စီကိုမူ နန်းတွင်းမော်ကွန်းတိုက်သို့ပို့ကာ သိမ်းဆည်းစေခဲ့သည်။ နောက် ကွန်ဖြူးရှပ်ကျမ်းဆောင်ပုဂ္ဂိုလ်များက နှုတ်ဖြင့်ဆက်လက်ပြန့်ပွားအောင် လုပ်သည်ဟု စွပ်စွဲကာ အရှင်လတ်လတ် မြေမြုပ်သတ်စေသည်။

ယနေ့တရုတ်နိုင်ငံမျှ မကြီးမားသည့် တရုတ်ပြည်နယ်နိမိတ်ကို အဘက်ဘက်သို့ချဲ့ထွင်ရန်ကြိုးပမ်းခဲ့သည်။ တောင်ဖက်တွင် ဆက်တိုက်သိမ်းသွင်းပြီး အရယူထားသော်လည်း၊ အနောက်ဖက်နှင့် မြောက်ဖက်တွင်မူ အနိုင်တိုက်ခဲ့သော်လည်း ခြေကုတ်မယူနိုင်ခဲ့ပေ။ ထို့ပြင် ထိုအနောက်ဖက်နှင့်မြောက်ဖက် တစ်လွှားမှ ရန်သူ (လူမျိုးစုအများအပြား)၏ ရန်မှကာကွယ်ရန် မဟာတံတိုင်းကြီး ဂရိတ်ဝေါလ် (Great -Wall) ကိုတည်ဆောက်ခဲ့သည်။ ပြည်တွင်းစစ်ဒဏ်ကြောင့် လူတို့ဆင်းရဲတွင်းနက်ပြီးသည်မှ မကြာသေးချိန်တွင် ထိုကဲ့သို့ကြီးမားလှသည့် စီမံကိန်းကြီးကို လူအင်အားသုံး ဖော်ဆောင်ခြင်းမှာ ယနေ့ခေတ်အမြင်တွင်မှမဟုတ် ရှေးလူတို့အတွက် အလွန်မှ ရက်စက်လှသည်ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်တွင် ပုန်ကန်ထကြွမှုများကို နည်းများမဆို ရင်ဆိုင်ရတော့သည်။ ၎င်းသက်ရှိထင်ရှားရှိစဉ်တွင် ကောင်းစွာနှိမ်နှင်းနိုင်သဖြင့် မစိုးရိမ်ရသော်လည်း ၎င်းနတ်ရွာစံသည့် ဘီစီ ၂၁၀ နောက် ဒုတိယသား အဲ့ရှီဟွမ်တီ(Second of Premier Emperor) ဘွဲ့ဖြင့်နန်းတက်လာပြီးနောက်တွင် ကောင်းစွာ အုပ်ချုပ်နိုင်ခြင်းမရှိ၊ ပုန်ကန်ထကြွမှုများကိုလည်း ဖခင်ကဲ့သို့ ကောင်းစွာမနှိမ်နှင်းနိုင်သဖြင့် ၄နှစ်အတွင်း သတ်ဖြတ်ခံရကာ ချင်မင်းဆက်လည်း အချိန်တိုအတွင်း ပျက်သုဉ်းရသည်။ ရှီဟွမ်တီ၏ ကြီးကျယ်ခန်းနားသည့် အုတ်ဂူကြီးမှာလည်း ဖျက်ဆီးခြင်းခံရသည်။

ရှီဟွမ်တီကို နှောင်းခေတ်လူတို့က ကွန်ဖြူးရှပ်စ်ဝါဒအား နှိပ်ကွပ်သည်ကိုအကြောင်းပြုပြီး မုန်းတီးစိတ်အခံကြောင့် မျိုးမစစ်၊ လင်ကောင်မပေါ်ပဲမွေးသည့်သား အစရှိသဖြင့် ပြောဆိုရှုံ့ချကြသကဲ့သို့၊ ကွန်မြူနစ်တို့က တိုးတက်သောအမြင်ရှိသူဟု ဆိုကာ ချီးမြှောက်ကြသည်လည်းရှိသည်။ ရှီဟွမ်တီ ထူထောင်သည့် တရုတ်အင်ပါယာ မှာ ဩဂတ်စတက်ဆီဇာ (Augustus Ceasar) ထူထောင်သည့် ရောမအင်ပါယာ (Roman Empier) နှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း၊ လူဦးရေ မကွာလှပေ။ သို့သော် ရောမအင်ပါယာက ပြိုကွဲပြီး တရုတ်အင်ပါယာမှာ တရုတ်နိုင်ငံအဖြစ်နှင့် သမိုင်းတလျှောက်ရပ်တည်နေနိုင်သည်မှာ ရှီဟွမ်တီ၏ အစွမ်းကြောင့် ဟုဆိုနိုင်သည်။

တာအိုဘာသာ

တာအိုဘာသာ သည် တရုတ်နိုင်ငံတွင် အဓိကကိုးကွယ်ကြသည့် ဘာသာတစ်ခုဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒနှင့် ကွဲပြားသည်။ အင်္ဂလိပ်ဘာသာဖြင့် Taoism (Daoism) ဟု ရေးသည်ကို တာအို ဟူ၍ အသံထွက်မှားခြင်း ဖြစ်သည်။ တရုတ်ဘာသာဖြင့် 'တောက်' ဟု အသံထွက်၍ နည်းလမ်း ဟု အဓိပ္ပါယ်ရသည်။

ဗုဒ္ဓဝင်

ဗုဒ္ဓဝင် ဆိုသည်မှာဗုဒ္ဓ၏ ရာဇဝင်ကို ခေါ်ခြင်း ဖြစ်သည်။ Siddhārtha Gautama သိဒ္ဓတ္ထ ဂေါတမ (သက္ကတ- सिद्धार्थ गौतम; ပါဠိ- सिद्धाथ गोतम Siddhartha Gotama သိဒ္ဓတ္ထ ဂေါတမ) သည် ဗုဒ္ဓဘာသာ ကိုတည်ထောင်ခဲ့သော ဘာသာရေးဆိုင်ရာ အမြင့်မြတ်ဆုံးသော အဓိကပုဂ္ဂိုလ်မြတ်စွာဘုရားသခင် ဖြစ်သည်။ ဘီစီ ၆၂၃ (ခရစ်တော်မပေါ်မီ) ၂၆၀ဝ ကျော် တွင် ဗုဒ္ဓမြတ်စွာဘုရားသခင် ကိုမွေးဖွားခဲ့သည်။ ဗုဒ္ဓသည်အိန္ဒိယတိုက်တွင် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကို ဘီစီ ၅၈၈ တွင် စတင်တည်ထောင်ခဲ့သည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသောဝါဒ ထူထောင်သူများ ဖြစ်သည့်ကွန်ဖြူးရှပ်(ဘီစီ ၅⁠၅၁-၄၇၉) ၊ လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏ဝါဒမှာ ထိုသူများ၏ဝါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။ ဗုဒ္ဓ၏ဝါဒသည် အမြင့်မြတ်ဆုံးသောအမှန်တရားဖြစ်သည်။ ဗုဒ္ဓဘာသာသည် (ခရစ်တော်မပေါ်မီ) ဘီစီ ၅၈၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။

ရှန့်ရှောက်ယွီ

ရှန့်ရှောက်ယွီ သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(ရှန်လီပင်း) ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၁၄ နှစ်အရွယ် ချူမျိုးနွယ် မင်းသားတစ်ပါးဖြစ်သည်။

ရှီးလန်

ရှီးလန် သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(ရှန်လီပင်း)ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၁၄ နှစ်အရွယ် ဇာတ်ကောင် မိန်းကလေးတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ရှောင်ယွီဖြစ်ပြီး ရှူမျိုးနွယ်ဝင် ဖြစ်သည်။ အတွဲ ၃ တွင်မှ ဇာတ်လမ်းတွင် ပါဝင်လာသည်။ အတွဲ ၄ တွင် ရှီးလန်ကို မြောင်မင်းသမီးတစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

လပြည့်ညရဲ့စိန်ခေါ်သံ

လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ချင်ဒဏ္ဍာရီသည်ရော်ဘင်ရှန်(ရှန်လော့ဖိင်)ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲဖြစ်သည်။ဇာတ်လမ်းကို ထိုင်ဝမ်စာရေးဆရာ ဝှမ်းရှစ်ရန်ရေးသားသော အမည်တူဝတ္ထုပေါ်တွင် အခြေခံထားသည်။တရုတ်၏ ပထမဆုံးသော သုံးဘက်မြင် သိုင်းလောကနောက်ခံကာတွန်းရုပ်ရှင်ဖြစ်ပြီး ကျယ်ကျန်း ဟန်ကျိုးတွင်အခြေစိုက်သော စပါးခလီး ကီး(ဟန်ကျိုး ရွှမ်ကျီ သိပ္ပံနှင့်နည်းပညာ သတင်းအချက်အလက် စီးပွားရေးလုပ်ငန်းစု)မှ ထုတ်လုပ်သည်။ ခေါင်းစဉ်မှာ ကျော်ကြားသော ကဗျာတစ်ပုဒ်မှကောက်နုတ်ထားသည့် "ချင်ခေတ်မှာ သာတဲ့လ"ဟု အဓိပ္ပါယ်ရသည်။ ဤတွင် သူရဲကောင်းနှစ်ဦး၏ အမည်များပါဝင်သည်။ သူရဲကောင်းမင်(ထွန်းလင်း)သည် ထျန်းမင်ဖြစ်ပြီး သူရဲကောင်းမယ်ယွဲ့(သော်တာ)သည် ယွဲ့အော်ဖြစ်သည်။

လာအိုဇီ

လောင်ဇီ (တရုတ်: 老子 လောင်ဇူး ဟုလည်း ခေါ်) သည် တရုတ် ဒဿနိကဗေဒနှင့် ယုတ္တိဗေဒ ပညာရှင်တစ်ဦး ဖြစ်သည်။ ယင်း၏ မွေးသက္ကရာဇ်ကို အတိအကျ မသိရသော်လည်း ဘီစီ ၆ဝ၄ ခုနှစ်လောက်တွင် မွေးတန်ရာသည်ဟု ဆိုကြသည်။ သမိုင်းပညာရှင်အချို့က လောင်ဇီကို ဟိုနန်နယ် (ယခု ကွေးတီမြို့ အနီး) ၌ မွေးဖွားသည်ဟု ပြောကြသည်။ သူ၏ အမည်ရင်းမှာ အာလီ (李耳) ဖြစ်ပြီး ချူမင်းဆက် ဘုရင် တစ်ပါး၏ ပိဋကတ်တိုက်မှူး ဖြစ်ခဲ့သည်ဟုဆိုသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ ချောင်မြို့၏မြောက်တံခါးမှ ထွက်ခွာသွားခဲ့ရာ သေသည် ရှင်သည် မသိရတော့ဘဲ နောက်ထပ် ပြန်၍ မတွေ့ရတော့ချေ။ အခြား တရုတ်ဒဿနိကဗေဒ ပညာရှင်ကြီး တစ်ဦးဖြစ်သူ ကွန်ဖူးရှပ်နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ သော်လည်း ဝါဒချင်းမတူဘဲ အပြိုင်အဆိုင်ဖြစ်ခဲ့သည်။

ကွန်ဖူးဇီးနှင့် ဘီစီ ၅၁၇ ခုနှစ်လောက်က တွေ့ဆုံခဲ့ဖူးပြီးလျှင် ဝါဒနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သေးသည်ဟု ဆိုသည်။ တရုတ်နိုင်ငံတွင်အယူဝါဒကြီး သုံးခုရှိသည့်အနက် လောင်ဇီသည် တောက် ခေါ်သည့် အယူဝါဒကို တီထွင်ခဲ့သူ ဖြစ်သည်။ လူတို့သည် သေသည်၏အခြားမဲ့၌ ဘဝသစ်များတွင် လူ့ဘဝ၌သော်လည်းကောင်း၊ တိရစ္ဆာန်ဘဝ၌သော်လည်းကောင်း ဖြစ်သည်ဟူသော အယူကို လောင်ဇီ ကောင်းစွာယုံကြည်၏။ လောင်ဇီသည် ဂုဏ်ပကာသနကို မလိုလားဘဲ လူသူနည်းသော နေရာ၌ မထင်မရှားနေခြင်းကိုသာ နှစ်သက်သူဖြစ်လေသည်။

ဝေ့ကျွမ်း

လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(လီပင်းရှန်)ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၃၀ အရွယ် ဓားသမားတစ်ဦး ဖြစ်သည်။

ဟန် ဧကရာဇ် ဂေါင်ဇူ

ဟန် ဧကရာဇ် ဂေါင်ဇူ (တရုတ်: 汉高祖;၂၅၆ ဘီစီ – ၁ ဇွန်လ ၁၉၅ ဘီစီ), ငယ်မည် လျိုပန်း (刘邦) သည် ဟန်နိုင်ငံတော် ၏ ပထမဆုံး ဧကရာဇ် နှင့် ဟန်မင်းဆက်ကို ထူထောင်သူဖြစ်ကာ ၂၀၂ ဘီစီ မှ ၁၉၅ ဘီစီ ထိ အုပ်ချူပ်စိုးစံခဲ့သည်။ သူသည် တရုတ်ပြည် သမိုင်းတွင် သာမန် အညတရ ဘဝမှ နိုင်ငံတည်ထောင်သူ တစ်ဦးလည်းဖြစ်သည်။

အာဏာမရမီ လျိုပန်းသည် ချင်မင်းဆက်တွင် သာမန် ကင်းလှည့်အရာရှိ တစ်ဦးအဖြစ် သူ၏ မွေးရပ်မြေ ချူပြည်နယ်မှ ပေ့ခရိုင်တွင် တည်ရှိသော သူ၏ မွေးရပ်မြို့တွင် အမှုထမ်းခဲ့သည်။ ပထမဆုံး ဧကရာဇ် ၏ သေဆုံးမှု နှင့် ချင် ဧကရာဇ် နိုင်ငံတော် ၏ နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားလာသောအခါ လျိုပန်းသည် သူ၏ အစိုးရ ရာထူးမှ နုတ်ထွက်ပြီး ချင်ကို ပုန်ကန်သည့် ခေါင်းဆောင် အဖြစ် ခံယူခဲ့သည်။ သူသည် အခြားပုန်ကန်သူတစ်ဦးဖြစ်သူ ရှန်းယု အား ချင်၏ အဓိက မြေ ကို ကျူးကျော်ရာတွင် အသာစီးရယူနိုင်ခဲ့ပြီး ချင်၏ နောက်ဆုံး ဧကရာဇ် ၏ နန်းစွန့်မှုကို လက်ခံခဲ့သည်။

ချင်နိုင်ငံ ကျဆုံးပြီးနောက် ပုန်ကန်သူ တပ်ဖွဲ့တို့၏ တရားဝင်မဟုတ်သော်လည်း တင်မြှောက်ထားသော ခေါင်းဆောင်သဖွယ် ဖြစ်နေသော ရှန်းယုသည် ယခင် ချင်ဧကရာဇ် နိုင်ငံတော်ကို နိုင်ငံ ၁၈ နိုင်ငံ

အဖြစ် ပိုင်းခြားလိုက်ပြီး လျိုပန်းကို "ဟန်ဘုရင်"(တရုတ်: 漢王; ပင်ရင်: Hàn Wáng) ဟူသော ဘွဲ့ပေးကာ နွမ်းပါးခေါင်းပါးလှသည့် ပါးရှု နယ်မြေ( ယခုခေတ် စီချွမ် နှင့် ချုံချင်း) တို့ကို အတင်း အဓမ္မ လက်ခံစေခဲ့သည်။ ထိုနှစ်တွင်ပင် လျိုပန်းသည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ ချင်သုံးနယ် ကို သိမ်းလိုက်ခြင်းဖြင့် များပြားလှသော စစ်အင်အားစုတို့သည် တရုတ်ပြည်ကို အုပ်စိုးရန်အတွက် စစ်ခင်းကြသောကြောင့် ချူ နှင့် ဟန် ယှဉ်ပြိုင်မှု ဟု လူသိများသည့် ပြည်တွင်းစစ်ကို စတင်ခဲ့သည်။

၂၀၂ ဘီစီတွင် လျိုပန်းသည် ဂိုင်းရှား တိုက်ပွဲ ကို အောင်နိုင်ခြင်းဖြင့် ရှန်းယု ကို အနိုင်ယူကာ တရုတ်ပြည်လုံးကို စုစည်းနိုင်ခဲ့ပြီး ဟန်မင်းဆက်ကို ပထမဆုံးတည်ထောင်သူ ဧကရာဇ် အဖြစ် ထူထောင်ခဲ့သည်။ သူ၏ နန်းသက် တစ်လျှောက်တွင် လျိုပန်းသည် အခမဲ့ အလုပ်ခိုင်းစေခြင်း တို့ကို လျှော့ချခဲ့ပြီး ကွန်ဖြူးရှပ် ဝါဒ ကို တိုးတက်စေကာ အခြားသော လုပ်ဆောင်မှုများတွင် လျိုမျိုးနွယ် မဟုတ်သည့် လက်အောက်ခံ နယ်များမှ ပုန်ကန်မှုများကို နှိမ်နင်းခဲ့သည်။ သူသည် လက်ထပ်ခြင်းဖြင့် မဟာမိတ်ခြင်း ကိုလည်း ဟန်ဧကရာဇ် နိုင်ငံတော် နှင့် ရှုံးနူ အကြားတွင် ဟန်ပြ ငြိမ်းချမ်းရေး တစ်ရပ် ကိုလည်း ၂၀၂ ဘီစီတွင် ပိုင်ဒန်း စစ်ပွဲ ကိုရှုံးနိမ့်ပြီးနောက် အစပြု ပြဋ္ဌာန်းစေခဲ့သည်။ လျိုပန်းသည် ၁၉၅ ဘီစီတွင် ကွယ်လွန်ပြီး သားတော် လျိုရင်းသည် ထီးနန်းကို ဆက်ခံခဲ့သည်။

ဟန်မင်းဆက်

ဟန်မင်းဆက် (ဘီစီ ၂၀၆ - အေဒီ ၂၂၀) သည် တရုတ်သမိုင်းတွင် ပထမဦးဆုံးသော ချင်မင်းဆက် ပျက်သုဉ်းပြီးနောက် ပေါ်ပေါက် ကြီးစိုးခဲ့သည့် မင်းဆက်ဖြစ်သည်။ နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်သည့် ဟန်မင်းဆက်ကို သာမန်လူတန်းစားဖြစ်သည့် လျိုပန်း(劉邦) က တည်ထောင်ခဲ့ကာ တရုတ်သမိုင်းတွင် အထွန်းကားဆုံး မင်းဆက်တစ်ဆက်အဖြစ် နောင်လာ နောက်သားများက မှတ်တမ်းတင်ခဲ့ကြသည်။ ခေါင်းပေါင်းဝါအရေးတော်ပုံ(Yellow Turban Rebellion)မှအစပြုကာ ပျက်သုဉ်းခဲ့သည်။ ယနေ့ထိတိုင် တရုတ်လူမျိုးကို ဟန်လူမျိုး၊ တရုတ်စာလုံးကို ဟန်စာလုံးဟု ပြောစမတ်ပြုလျက်ရှိသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.